မော်လမြိုင် ၊ ဩဂုတ် ၂၃

မွန်ပြည်နယ်မှာ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေကအစ စီမံချက်အရဆိုပြီး အခြေခံပညာကျောင်းတွေမှာ ငှက်ပျောပင်တွေ စိုက်ပျိုးနေရတယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငှက်ပျောပင် စိုက်ပျိုးပွဲတွေကိုတော့ စစ်အစိုးရရဲ့ မြို့နယ် စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေး ကော်မတီက ဦးဆောင်ပြီး မြို့နယ် အဆင့် ဌာနဆိုင်ရာတွေနဲ့ အခြေခံပညာဦးစီဌာနတို့ ပူးပေါင်းကာ ဩဂုတ် ၂၂ ရက်နေ့ကစလို့ စတင်စိုက်ပျိုးနေတာပါ။

အခုလို ငှက်ပျောပင် စိုက်ပျိုးပွဲတွေ ပြုလုပ်ရတာဟာ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့ အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို အာဟာရ ပြည့်ဝစွာ ကျွေးမွေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ငှက်ပျောပင် စိုက်ပျိုးရာမှာတော့ စစ်အစိုးရ လက်အောက်ခံ ဌာနဆိုင်ရာတွေဟာ သရုပ်ပြ လောက်သာ စိုက်ပျိုးပြပြီး ကျောင်းသား၊ ကျောင်းသူတွေကိုသာ အဓိက စိုက်ပျိုးခိုင်းတာ ဖြစ်တယ်လို့ အခြေခံ ပညာကျောင်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းက ပြောပါတယ်။

ငှက်ပျောပင်တွေကို စီမံချက်နဲ့ စိုက်ပျိုး နေရတာဟာ ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ တွေ့ဆုံပွဲက ညွှန်ကြားချက်ကြောင့် ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အာဏာသိမ်း သမ္မတက အခြေခံပညာကျောင်းတွေမှာ တစ်သျှူးငှက်ပျောနဲ့ နို့စားနွား မွေးမြူရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ ပြောဆိုခဲ့ပြီးနောက် အခုလို ငှက်ပျောပင်တွေ စိုက်ပျိုး နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

ငှက်ပျောပင် စိုက်ပျိုးပွဲတွေမှာတော့ အာဏာသိမ်း သမ္မတက စိုက်ပျိုးခိုင်းတဲ့ တစ်သျှူးငှက်ပျောတွေ အပြင် ဒေသမျိုး ဖြစ်တဲ့ ဖီးကြမ်း၊ သီးမွှေးတွေကိုပါ စိုက်ပျိုး နေရတာ ဖြစ်တယ်လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း အခြေခံပညာကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေကို မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်က အရိပ်ရပင်တွေ၊ သီးပင် စားပင်တွေ စိုက်ပျိုး ခိုင်းခဲ့ရာမှ လက်ရှိမှာတော့ ငှက်ပျောပင်တွေကိုပါ စိုက်ပျိုးခိုင်းနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.