မကွေး ဩဂုတ် ၂၂

မကွေးတိုင်း စလင်းမှာ အာဏာသိမ်း စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်လို့ ၄ ဦးသေဆုံးတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၉ ရက် ညနေပိုင်းက စလင်းမြို့နယ် ဝက်သည်းကန်အနီးက ဆင်ကျုံး စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာပါ။

“တိုက်ခိုက်မှုအပြီးတော့ စစ်တပ်ဘက်က ကားတစ်စီးက စလင်းကနေ ကံပြားအထိ သွားတာရှိတယ်။ ပြီးတော့ နောက်ရက်မှာလည်း သူတို့လုံခြုံရေး တိုးမြှင့်တာတွေလုပ်နေတယ်။” လို့ ​ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆင်ကျုံးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးရယူနေတဲ့ စစ်သား ၇ ဦး ထိခိုက်ပြီး ၄ ဦး သေဆုံးတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စလင်းမြို့နယ် ဆင်ကျုံးဂိတ်က ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာနဲ့ ငွေကြေးတောင်းခံတာတွေကို အဓိကပြုလုပ်နေတဲ့ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကလည်း စလင်းမြို့နယ် တောင်စဉ်ကျေးရွာက စစ်​တပ်​ကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး ဖိုးဝင်းဆိုသူ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆင်ကျုံးဂိတ် တိုက်ခိုက်မှုကိုတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းနဲ့ တပ်ရင်းရဲ့ ဒရုန်းတပ်ဖွဲ့တို့က ပူပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.