ကြာအင်းဆိပ်ကြီး၊ ဩဂုတ် ၂၂

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ဇမိမြစ် ရေကြီးနေတာကြောင့် ရပ်ကွက်ကျေးရွာပေါင်း ၃၀ ကျော် ရေနစ်မြှုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သြဂုတ် ၂၀ ရက်နေ့ကစလို့ မိုးအဆက်မပြတ် ရွာသွန်းမှုနဲ့အတူ ဇမိမြစ်ရေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်ခေါင်မိုးအထိ ရေမြှုပ်မှုတွေနဲ့ ကြုံနေရပါတယ်။

“မြစ်ရေက ဒီတစ်ကြိမ်တိုးတာ တအားမြန်တယ်။ တစ်နာရီလောက်အတွင်းကို ၂ ပေကျော်လောက် တက်လာတယ်။ မိုးကလည်းရွာတာ ကောင်းနေတယ်။ အမှတ် ၆ ရပ်ကွက်မှာဆို အိမ်ခေါင်တွေပဲ ပေါ်တော့တဲ့ အခြေအနေထိ ရှိနေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဇမိမြစ် ရေကြီးနေတာကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ် အမှတ် ၆ ရပ်ကွက်မှာ ရေကြီးမှု ဒဏ်ကို တော်တော်လေး ခံစားနေရပြီး ကျန်ရပ်ကွက်အနိမ့်ပိုင်းတွေမှာတော့ လမ်းပေါ် ၂ ပေခန့် ရေကျော်နေပြီး အိမ်အနိမ့်တွေမှာ ရေဝင်တာတွေ ရှိနေပါတယ်။

ဒါ့အပြင် ဇမိမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ဘုရားငုတ်တို၊ ဓနုံ၊ ဖားတလယ်၊ ဗေဒါရီကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၃၀ ကျော်မှာလည်း ရေ ၄ ပေကျော် မြင့်တက်နေပါတယ်။

ရေကြီးမှုကြောင့် အမှတ် ၆ ရပ်ကွက်အပါအဝင် ကျေးရွာတွေက နေအိမ်တွေမှာ လူနေလို့မရတဲ့ သူတွေက နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ကုန်းမြင့်ပိုင်းတွေနဲ့ကယ်ဆယ်ရေးစခန်းတွေမှာ တိမ်းရှောင်နေရသူ ၁၀၀၀ နီးပါး ရှိနိုင်တယ်လို့ သိရပါတယ်။

ဇမိမြစ်ရေကြောင့် ကျုံဒိုး၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ရေကြီးနေသလို သောင်းရင်းမြစ်ရေကြောင့် မြဝတီ၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့အတွက် ထောင်နဲ့ချီ ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.