ချောင်းဆုံ၊ ဩဂုတ် ၂၂

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ညောင်လန်းကျေးရွာမှာ အသက် ၇၆ နှစ်အရွယ် အဖိုးအဖွား လင်မယားဟာ နေအိမ်မှာ အသတ်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖြစ်စဉ်အရ ဒီကနေ့ သြဂုတ်၂၂ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က ညောင်လန်းကျေးရွာနေ အသက် ၇၆ နှစ်အရွယ် ဦးမောင်တင်နဲ့ ဒေါ်ရင်မေတို့ လင်မယား နှစ်ဦးဟာ နေအိမ်မှာ အသတ်ခံရပြီးနောက် သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့တာပါ။

“အဲအိမ်မှာက အဖိုးအဖွား လင်မယားနဲ့ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက်နဲ့ သုံးယောက်ပဲ နေတာ။ ညကလည်း မိုးတွေက တအားရွာနေတော့ အဖိုးအဖွားနှစ်ယောက်ကို သတ်သွားတာ မသိလိုက်ဘူး။ မနက်နိုးမှ အသတ်ခံထားရတာ သိရတယ်။ ပစ္စည်းတွေမွှေထားတာ တစ်အိမ်လုံးလည်း မွစာကြဲနေတာ။ ကလေးက အိပ်ပျော်နေလို့ ကလေးကိုတော့ ဘာမှလုပ်မသွားဘူး”လို့ရွာခံ တစ်ဦးက သံလွင်တိုငိးမ်ကို ပြောပါတယ်။

ပစ္စည်းလုယက် အသတ်ခံရတာကြောင့် အဖိုး ဦးမောင်တင်ဟာ ဦးခေါင်းယာဘက် ဂျိုစောင်း သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ယာမေးရိုးပြတ်ရှဒဏ်ရာ တစ်ချက်တို့နဲ့ နေအိမ် အိမ်ခန်းအတွင်း သေဆုံးနေသလို အဖွား ဒေါ်ရင်မေမှာလည်း အိမ်ရှေ့အခန်းမှာ လည်ပင်းထိုးသွင်းဒဏ်ရာနဲ့သေဆုံးနေတာပါ။

အဖိုးအဖွား လင်မယား အသတ်ခံရပြီးနောက် နေအိမ်က တန်ဖိုးရှိ ရွှေငွေပစ္စည်းတချို့ ပျောက်ဆုံးနေပြီး ကာလတန်ဖိုးအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

ဒေသခံတွေကတော့ ဒီဖြစ်စဉ်ဟာ ချောင်းဆုံမြို့နယ်မှာ လောင်းကစားဝိုင်းတွေကို တရားဝင်သဖွယ် ခွင့်ပြုပေးထားတဲ့ နောက်ဆက်တွဲ ပြဿနာ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အဖိုးအဖွား လင်မယား အသတ်ခံရတဲ့ ဖြစ်စဉ်ကို ချောင်းဆုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပြီး တရားခံကိုတော့ ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.