နေပြည်တော် ၊ ဩဂုတ် ၂၁
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကနေ ၂၀၂၁ ခုနှစ် မေလဆန်းမှာ ဖွဲ့စည်းထားရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ဩဂုတ် ၂၁ ရက် ညပိုင်းမှာ အသိပေးကြေညာပါတယ်။
ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အတည်ပြုပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်အဖြစ် ဖွဲစည်းကာ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ စီစဉ်နေတာကြောင့်လို့ ဆိုပါတယ်။
NUG ကလည်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင်ဥပဒေကြမ်းကို ပြုစုပြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ကို တင်ပြခဲ့ရာ အတည်ပြုမှု ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
အခုအခါ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ စိစစ်၊ သုံးသပ်၊ ဆွေးနွေးနေပြီး ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးရင် ဥပဒေနဲ့အညီ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်တရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
အစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်တွေကို ပိုမိုအားကောင်းစေမယ့် လွတ်လပ်တဲ့ လူ့အခွင့်အရေး ယန္တရားတွေကို တည်ဆောက်နိုင်ရေး အစပြုတဲ့ ခြေလှမ်းတရပ်အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းပေးနိုင်ဖို့ CRPH ကို တင်ပြအစီရင်ခံမှုကနေ ဖျက်သိမ်းခဲ့တာလို့ NUG က ဆိုပါတယ်။
အခြေအနေနဲ့ အချိန်အခါအရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေအပေါ် လိုက်ပါဆောင်ရွက်ခဲ့ကြတဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးတွေ၊ အကြံပေးအဖွဲ့ဝင်တွေ၊ ဝန်ထမ်းတွေနဲ့ မိတ်ဖက် အရပ်ဘက်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူတွေအားလုံးကို ကျေးဇူးတင်ကြောင်း အသိပေးထားတာပါ။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခဲ့ကြသူတွေ၊ မျက်မြင်သက်သေတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေ ဖြစ်ကြတဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဦးညွှတ်ဂုဏ်ပြုအပ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတွေ အချက်အလက်တွေနဲ့ ထုတ်ပြန်ချက်တွေ အားလုံးကို အများပြည်သူအနေနဲ့ အချိန်မရွေး ပြန်လည်ကြည့်ရှု လေ့လာနိုင်ရေးအတွက် ဝန်ကြီးဌာနရဲ့ Official Website နဲ့ Social Media Platforms တွေမှာ ဆက်လက်ထိန်းသိမ်း ထားရှိသွားမယ်လို့ အသိပေးထားတာပါ။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်း၊ ဒုဝန်ကြီးတွေဖြစ်တဲ့ ဦးခွန်းဗဟန်းထန်နဲ့ ဦးအောင်ကျော်မိုးတို့က တာဝန်ယူခဲ့ပြီး ဒုဝန်ကြီး နှစ်ဦးတော့ ၂၀၂၅ ခုနှစ်နဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ ရာထူးကနေ နှုတ်ထွက်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

