မြဝတီ၊ သြဂုတ် ၂၃
အာဏာသိမ်း စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် တပ်ဖွဲ့ဝင်တွေ ကျဆုံးသွားတာနဲ့ ထိခိုက်ဒဏ်ရာရတာတွေ အပြင်းအထန် ဖြစ်သွားခဲ့ရတဲ့ဖြစ်စဉ်အပေါ် နောက်နောင်မှာ ဒီလိုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့အတွက် NSPNC အနေနဲ့ ညှိနှိုင်းကြပ်မတ်ဆောင်ရွက်ပေးနိုင်ဖို့ DKBA တပ်ဖွဲ့က ကန့်ကွက်စာပေးပို့ထားပါတယ်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့က နေပြည်တော်က အသွင်ပြောင်းစစ်အစိုးရဖွဲ့စည်းထားတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အတွင်းရေးမှူးထံ ကန့်ကွက်စာပေးပို့ခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန်ခန့်မှာ မြဝတီအခြေစိုက် အမှတ်၂၇၅ ခြေလျင်တပ်ရင်းက ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ အခြေပြုလျက်ရှိသော တပ်စခန်းနေရာသို့ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီးကျည်ကြောင့် အဲဒီတပ်စခန်းနေရာအတွင်းရှိ DKBA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၁၄ ဦးနဲ့ ကလေးသူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကလေးသူငယ်တွေအပါအဝင် DKBA တပ်ဖွဲ့ဝင် ၉ ဦးဟာ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ DKBA က ဆိုထားပါတယ်။
DKBA ဟာ နိုင်ငံတော်အစိုးရနဲ့ လက်တွဲကာ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူလူထုတွေ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်အစိုးရနဲ့ အတူတကွ လက်တွဲဖော်ဆောင်လျက်ရှိသော တပ်ဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် နိုင်ငံတော်အစိုးရနဲ့ လမ်းညွှန်ချက်တွေနဲ့အညီ တပ်မတော်နဲ့ ပူးပေါင်းပြီး လက်တွဲဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ကာ အခုလိုမျိုး တပ်မတော်ရဲ့ လက်နက်ကြီးကျည် မိမိတို့တပ်စခန်းထဲကို ကျရောက်ပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးကို အတူတကွ လက်တွဲဖော်ဆောင်နေချိန် လုံးဝမဖြစ်ပွားသင့်သော ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ DKBA တပ်ဖွဲ့က ဆိုထားပါတယ်။
“နောက်နောင်တွင် အလားတူဖြစ်စဉ်မျိုး လုံးဝ(လုံးဝ)ထပ်မံမဖြစ်ပွားစေရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အနေဖြင့် ညှိနှိုင်းကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် ကန့်ကွက်တင်ပြအပ်ပါသည်” လို့ DKBA က NSPNC ထံ ပေးပို့လိုက်တဲ့ ကန့်ကွက်စာမှာ ပါရှိပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်သွားခဲ့တဲ့ DKBA စခန်းဟာ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ရဲ့ တပ်စခန်းတစ်ခုဖြစ်ပြီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးဒေသထဲမှာ အခြေစိုက်တပ်စွဲထားကာ အရင်ကလည်း အဲဒီနေရာတစ်ဝိုက်မှာ စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့ဖူးရာ DKBA တပ်သားတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ဖူးပါတယ်။
DKBA တပ်ဖွဲ့ဟာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးထားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်ကတော့ DKBA တပ်စခန်းတွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ DKBA ဗဟိုဌာနချုပ်တွေအပေါ် ရည်ရွယ်ချက်ရှိရှိ မကြာခဏ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေလေ့ရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DKBA

