မင့်စ် ၊ ဩဂုတ် ၂၃

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲမှာ လူကာရှန်ကိုနဲ့ ဦးမင်းအောင်လှိုင်တို့ကြား ကာကွယ်ရေးနဲ့ လုံခြုံ‌ရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ဆွေးနွေးနိုင်ခဲ့တယ်လို့ စစ်တပ်အသွင်ပြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကိုတော့ ဩဂုတ် ၂၁ ရက်နေ့က မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးမှာ ပြုလုပ်ခဲ့ရာ နှစ်နိုင်ငံ သမ္မတတွေနဲ့အတူ မြန်မာက ပြည်ထောင်စုဝန်ကြီးတွေနဲ့ အဖွဲ့ဝင်တွေအပါအဝင် ဘယ်လာရုစ်အစိုးရအဖွဲ့က အဆင့်မြင့်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြတာပါ။

အဲဒီတွေ့ဆုံမှုမှာ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ ၂၀၂၆-၂၀၂၈ ကို ဆက်လက် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကဏ္ဍနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။

ဘယ်လာရုစ်အစိုးရက မြန်မာစစ်တပ်နဲ့ အရေးပါတဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းမှုတွေ ရှိနေတယ်လို့ ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းမှာ Justice For Myanmar က ထုတ်ပြန်ထားတာပါ။

အဲဒီထဲမှာ လေကြောင်းကာကွယ်ရေးစနစ်နဲ့ မြေပြင်အခြေစိုက် ဒုံးကျည်စနစ်အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာတွေ လွှဲပြောင်းရောင်းချတာတွေကို အတည်ပြုထားတာပါ။

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်နဲ့ ဘယ်လာရုစ်အစိုးရတို့ ၂၀၂၅ ခုနှစ်မှာ နီးကပ်တဲ့ ဆက်ဆံရေးတွေ အရှိန်မြှင့်လာခဲ့ပြီး နှစ်ဘက်ခေါင်းဆောင်တွေကြား အပြန်အလှန် ခရီးစဉ်တွေအပြင် နယ်ပယ်အသီးသီးမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လာခဲ့တာပါ။

အဲဒီကနေတဆင့် အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲ မတိုင်ခင်နဲ့ အလွန်ကာလ စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်း နှစ်နိုင်ငံအစိုးရကြား သံတမန်ဆက်ဆံရေးနဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေး၊ စက်မှု၊ အာကာသနည်းပညာ၊ ပညာရေးနဲ့ လူငယ်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာ၊ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြတာပါ။

အဲဒီနောက် နှစ်နိုင်ငံအစိုးရကြား သဘောတူညီချက်တွေနဲ့ နားလည်မှုစာချွန်လွှာ ၉ ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီချက်တွေထဲမှာတော့ တရားမနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အပါအဝင် ပြစ်မှုဆိုင်ရာကိစ္စရပ်တွေမှာ ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးနဲ့ နှစ်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်တို့ ကြားမှာလည်း ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအာကာသအေဂျင်စီနဲ့ Belarusian State University တို့ကြား သိပ္ပံနဲ့နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာအပြင် မြန်မာအာကာသအေဂျင်စီအတွက် အာရုံခံစောင့်ကြည်နိုင်တဲ့ အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ မှတ်တမ်းလွှာလည်း ပါဝင်ပါတယ်။

တစ်ဘက်မှာ မြန်မာနိုင်ငံမဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲနဲ့ The Belarusian Institute of Strategic Research (BISR) တို့ကြား ပူးပေါင်းဆောင်ရွက်ရေး၊ ချေးငွေဆိုင်ရာ မူဘောင်သဘောတူစာချုပ်နဲ့ နှစ်နိုင်ငံအစိုးရတွေရဲ့ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကုမ္ပဏီတို့ကြား ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ပါတယ်။

ဒီအပေါ် မြန်မာဘက်က စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံပူးတွဲကြေညာချက်တွေကို သတင်းစာရှင်းလင်းပွဲကနေ အသိပေးပြောကြားခဲ့ကြတာပါ။

လူကာရှန်ကိုက ဆွေးနွေးမှုထဲမှာ အရေးအကြီးဆုံးက သံတမန်ဆက်ဆံရေးကို အဆင့်မြှင့်တင်ဖို့ နှစ်နိုင်ငံကြားမှာ သံရုံးတွေကို အပြန်အလှန် ဖွင့်လှစ်သွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးကို လုပ်ဆောင်တဲ့အချိန်မှာ ၂၀၂၆-၂၀၂၈ Roadmap ကို အခြေခံတာလို့ ဆိုပါတယ်။

လက်ရှိအခြေအနေမှာ စီးပွားရေးနဲ့ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ အပါအဝင် သိပ္ပံနဲ့ နည်းပညာအခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေကို လက်တွေ့မြေပြင်မှာ အကောင်အထည်ဖော်နေပြီလို့ အသိပေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံကြားမှာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း ဆက်ဆံမှုနဲ့ နှစ်နိုင်ငံ နိုင်ငံရေးပါတီတွေအကြား ဆက်ဆံမှုကိုလည်း ဆက်လက်တိုးမြှင့်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေနဲ့ အခုခရီးစဉ်မှာ သဘောတူညီချက်တွေ အားလုံးကို ဘယ်လာရုစ်ဘက်ကနေ ဗျူရိုကရက်တစ်ယန္တရားကို ကျော်လွန်ပြီး အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်မယ်လို့ လူကာရှန်ကိုက အာမခံထားတာပါ။

ဦးမင်းအောင်လှိုင်ကတော့ ဒီကနေ့ တွေ့ဆုံမှုမှာ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အရှိန်အဟုန်နဲ့ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အခုခရီးစဉ်အတွင်း မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို သံရုံးအဖြစ် တရားဝင် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံမှာလည်း မကြာခင်မှာ ဘယ်လာရုစ်သံရုံးကို လာရောက်ဖွင့်လှစ်မှာဖြစ်တဲ့အတွက် ကြိုဆိုကြောင်း သူက သတင်းစာရှင်းလင်းပွဲကနေတဆင့် အသိပေးပါတယ်။

တစ်ဘက်မှာတော့ အစိုးရအနေနဲ့ရော ပုဂ္ဂိုလ်ရေးအရရော မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် တည်တည်ငြိမ်ငြိမ်နဲ့ တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။

အဲဒီအခါ နိုင်ငံတကာက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ဖိတ်ခေါ်သွားမှာဖြစ်လို့ ဘယ်လာရုစ်နိုင်ငံက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုလည်း ဦးမင်းအောင်လှိုင်က ကြိုတင်ပြီး ဖိတ်ခေါ်ထားတာပါ။

အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်း စစ်အစိုးရကို အာဆီယံနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံရေးအရ တရားဝင် အသိအမှတ်မပြုကြပေမယ့် မိတ်ဘက်နိုင်ငံတွေဖြစ်တဲ့ ဘယ်လာရုစ်၊ရုရှား၊တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့က အသိအမှတ်ပြု ထောက်ခံထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.