နေပြည်တော်၊ သြဂုတ် ၂၄
၂၀၂၈ ခုနှစ်မှာ မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်သွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာ ခိုင်ခိုင်စိုးက ရုရှားခရီးအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ ဒုတိယအကြိမ် တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ရုရှားနဲ့ မြန်မာစစ်အစိုးရတို့ဟာ အာကာသဂြိုဟ်တုနည်းပညာနဲ့ ပတ်သက်ပြီး MOU လေးခု ရေးထိုးနိုင်ခဲ့ပြီး အဲဒီထဲမှာ ၂၀၂၈ ခုနှစ်အတွင်း အာကာသထဲ မြန်မာယာဉ်မှူး စေလွှတ်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့နဲ့ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကို စောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့လည်း ပါဝင်ပါတယ်။
ဒီခရီးစဉ်မှာ စွမ်းအင်ကဏ္ဍအတွက် ရေနံနဲ့သဘာဝဓာတ်ငွေ့ကိစ္စ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့၊ နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းမှာ LNG စက်ရုံတည်ဆောက်ပြီးတော့ အိမ်နီးနားချင်းနိုင်ငံတွေကို LNG နဲ့ သဘာဝဓာတ်ငွေ့တွေ တင်ပို့ရောင်းချဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။
ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာတော့ စီးပွားရေး၊ ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အာကာသနဲ့နည်းပညာကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍတွေနဲ့ပတ်သက်ပြီး G to G MoU ၁၂ ခု ရေးထိုးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

