ဘီးလင်း၊ ဩဂုတ် ၂၄

မွန်ပြည်နယ် ဘီးလင်းမြို့နယ် လေးကေကျေးရွာနဲ့ ဝင်းတာပန်းကျေးရွာတို့က စစ်ရှောင်ပြည်သူ  ၅၀၀၀ နီးပါးဟာ ၄ လကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လေးကေနဲ့ဝင်းတာပန်ကျေးရွာတိုမှာ စစ်တပ်က အထိုင်ချ တပ်စွဲထားတာကြောင့် ဖမ်းဆီးနှိပ်စက်ခံရနိုင်တာ၊ လုပ်အားပေးခိုင်းတာ၊ သစ်ဝါးခုတ်ခိုင်းမှာကို စိုးရိမ်ပြီး နေရပ်မပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်ဟာ လေးကေနဲ့ ဝင်းတာပန်ကျေးရွာတွေထဲမှာ ဆက်သွယ်ရေး မြောင်းတွေ တူးတာ၊ ဘန်ကာတွေ အခိုင်အမာ တည်ဆောက်ပြီး တပ်စွဲထားသလို လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကိုလည်း နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေတာပါ။

အာဏာသိမ်း စစ်တပ်က ကျေးရွာတွေထဲမှာ ဆက်လက်တပ်စွဲထားတာကြောင့် ဒေသခံတွေဟာ နေရပ်မပြန်ရဲကြဘဲ စိုက်ခင်း၊ တောတောင်နဲ့နီးစပ်ရာဆွေမျိုးတွေ နေအိမ်မှာ ဆက်လက်နေထိုင်နေကြပါတယ်။

စစ်ရှောင်တွေဟာ စားဝတ်နေရေးအတွက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်နဲ့ကရင်အရပ်ဘက် အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ရိက္ခာတွေအပြင် ကြုံရာလုပ်ကိုင်ပြီး ဖြေရှင်းနေကြရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း လေးကေစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တွေက သိမ်းယူခဲ့သလို ဝင်းတာပန်စခန်းကိုလည်း တစ်လနီးပါးအကြာ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်။

အဲဒီနောက် မေလကုန်ပိုင်းလောက်မှာ စစ်တပ်က လေးကေနဲ့ဝင်းတာပန်ကျေးရွာကိုပါ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုအပါအဝင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.