ရေး၊ ဩဂုတ် ၂၅
မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက် လှုပ်ရှားတဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူး Facebook အကောင့်ကနေ တင်တဲ့ ပို့စ်တွေကို အသဲပေးမိတဲ့ အမျိုးသမီး တစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ သြဂုတ် ၂၃ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်က ရေးမြို့နယ် မော့ကနင်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မနဒီကို ရေးဘီလူး ပို့စ်မှာ အသဲပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာပါ။
စစ်တပ်ဘက်ကတော့ မော့ကနင်ကျေးရွာနေ မနဒီဟာ ရေးဘီလူး Facebook အကောင့်ကနေ တင်တဲ့ ပို့စ်တွေကို အသဲပေးတာနဲ့ Like ပေးတာတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားတာပါ။
ဖမ်းဆီးသွားတဲ့ မနဒီကိုတော့ မော့ကနင်းကျေးရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်း စစ်ကြောရေးမှာ စစ်ဆေးနေပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကစလို့ ရေးဘီလူး Facebook အကောင့်အောက်မှာ Comment ဝင်ရောက်ရေးသားတွေကို စောင့်ကြည့်ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ ရေးဘီလူး Facebook အကောင့်အောက်မှာ Comment ဝင်ရေးသူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရပြီး ဖမ်းဆီးထားတဲ့သူတွေကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ် ၅၂ (က) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ အခုလို ဖမ်းဆီးနေမှုအပေါ် စစ်တပ်အား ရည်ညွှန်းပြီး ကြောက်နေရင် ထဘီခြုံထားဖို့နဲ့ ပြည်သူတွေကိုသာ ရန်လိုနေပြီး လက်နက်ကိုင်ချင်းတွေ့ရင် အညံ့ခဲ့တဲ့သူတွေလို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်တုံ့ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- ရေးဘီလူး

