မုဒုံ ၊ ဩဂုတ် ၂၅
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းမှာ လည်ပတ်နေတဲ့ ရော်ဘာစက်ရုံတွေကနေ အနံ့ဆိုးတွေ ပြင်းပြင်းထန်ထန် ထွက်ရှိနေတာကြောင့် ပြည်သူတွေ ကျန်းမာရေး ထိခိုက်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရော်ဘာစက်ရုံတွေက ထွက်ရှိတဲ့ အနံ့ဆိုးတွေဟာ အနီးအနားက ကျေးရွာတွေအပြင် မုဒုံ-သံဖြူဇရပ်လမ်းမကြီး တစ်လျှောက်မှာလည်း အနံ့ဆိုးတွေနဲ့ ပြင်းပြင်းထန်ထန် ခံစားနေရသလို အသက်ရှူရ အခက်အခဲတဲ့အထိ ကြုံတွေ့ နေရတာပါ။
ဒါ့အပြင် ရော်ဘာစက်ရုံက ထွက်ရှိတဲ့ အနံ့ဆိုးတွေကြောင့် တချို့ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေကအစ မူးဝေအော့အန်တာ၊ အစားအသောက် စားသောက်ဖို့ ခက်ခဲတာအပြင် တခြား ကျန်းမာရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာတယ်လို့ သိရပါတယ်။
မုဒုံ ဒေသခံ တစ်ဦး ကတော့ ရော်ဘာ စက်ရုံတွေကြောင့် နေ့စဉ်နဲ့အမျှ အနံ့ဆိုးတွေ ရရှိတာ စက်သံ ညံတာတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့ နေရပြီး တာဝန်ရှိသူတွေက လျစ်လျူရှု ထားတာကြောင့် အရင်ကထက် ပိုဆိုးလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သက်ရောက်မှုတွေက နေ့စဉ်နဲ့ အမျှပဲ။ နံ့တယ်နောက် စက်ရုံတွေက ညံတယ်၊ စက်သံတွေက ညံတာပေါ့လေ။ စက်ရုံရှေ့က တစ်ချက်ဖြတ်သွားရင် အသက်အောက် လိုက်ရတယ်၊ အသက်မရှူရဲ့ဘူး။ကျန်းမာရေး လျူထောက်နဲ့ ကြည့်မယ် ဆိုရင် တော်တော်လေးကို ဆိုးရွားတယ်ဗျ။ လူကြီးတွေဆို ညဆို အိပ်မပျော်ဘူး။ဒီစက်သံ ညံတယ်၊ သူတို့က ညဆို အပုပ်ရည်တွေ လွှတ်တယ်၊ ရေပုပ်တွေဆိုလည်း ဒီအတိုင်းပဲ။အခါတိုင်းထက် ဆိုးတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ရော်ဘာစက်ရုံတွေဟာ စွန့်ပစ်ရေတွေကို ဒေသခံတွေ အသုံးပြုတဲ့ ချောင်းတွေအတွင်း စွန့်ပစ်တာကြောင့် ငါးတွေ၊ ဖားတွေကအစ မရှိတော့သလို စိုက်ပျိုးရေးအတွက် ရေ အသုံးပြုလို့ မရတော့ဘူးလို့ သူကဆက်ပြောပါတယ်။
မုဒုံဒေသခံ နောက်တစ်ဦးကလည်း ရော်ဘာ စက်ရုံတွေက အနံ့ဆိုးတွေကြောင့် အိပ်လို့ မရတဲ့အထိ ဖြစ်နေရသလို အခုလို အနံ့ဆိုးနဲ့ ပတ်သက်ပြီး တိုင်ကြား ထားတာ ရှိပေမယ့် လွှတ်တော် ကိုယ်စားလှယ်တွေကအစ ကွင်းဆင်း ကြည့်ရှုပေးတာ မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အနံ့တော့ တော်တော်ဆိုးတယ်။ကျွန်တော်တို့ဘက်မှာလည်း တစ်ရုံရှိတယ်။ အဲဒီအနံ့က တစ်ချက် တစ်ချက် အနံ့ လွှတ်တဲ့ အခါကျလို့ရှိရင် ကျွန်တော်တို့ တော်တော်ဆိုးတာ အနံ့ အိပ်လို့ကို မရဘူး။ အနံ့ တော်တော်ပြင်းတာ။တိုင်ကြား ထားတာတွေ ကြားတယ်။ဒါပေမယ့် အခုချိန်ထိကို ဒီအနံ့အသက် ထိန်းသိမ်းဖို့ ဘာညာလုပ်ဖို့ ကိစ္စတွေ လွှတ်တော် ကိုယ်စားလှယ်တွေ လာရောက် ပြီးတော့ ကွင်းဆင်း လေ့လာတာတို့ ကြည့်ရှုတာတို့ ဘာမှ မကြားဘူး”လို့ ဆိုပါတယ်။
အခုလို မုဒုံမြို့နယ်အတွင်းက ရော်ဘာ စက်ရုံတွေရဲ့ အနံ့ဆိုးတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်က ဒေသခံတွေ စုပေါင်းကာ တိုင်းကြားခဲ့စဉ်က အဖွဲ့စုံနဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပြီးနောက် ဒေသခံတွေ အမှန်တကယ် အခက်အခဲ ကြုံတွေ့ ရတာ ဖြစ်တဲ့အတွက် ရော်ဘာ စက်ရုံတွေကို စက်ရုံ လည်ပတ်ချိန် ၂၄ နာရီ အစား ၈ နာရီသာ လည်ပတ်ခွင့်ပြုခဲ့တာတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် စစ်တပ် အာဏာသိမ်း ပြီးနောက် ရော်ဘာ စက်ရုံတွေဟာ အာဏာရှိသူတွေနဲ့ ပူးပေါင်းကာ ၂၄ နာရီ ပြန်လည်ပတ် နေသလို တိုင်ကြားပါကလည်း အရေးယူ ဆောင်ရွက်ပေးတာ မရှိဘဲ တိုင်ကြားသူတွေသာ အပြစ်ပြောခံရတာ ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ် မုဒုံမြို့နယ်မှာတော့ ရော်ဘာ ထုတ်လုပ်တဲ့ စက်ရုံပေါင်း ၁၀ ရုံထက်မနည်း ရှိနေပြီး အဲဒီရော်ဘာစက်ရုံတွေဟာ အာဏာသိမ်းကာလအတွင်း အန္တရာယ်ရှိတဲ့ စွန့်ပစ်အညစ်အကြေးတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာနဲ့ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

