မော်လမြိုင် ၊ ဩဂုတ် ၂၅

မြန်မာ့အ‌ရေးဖြေရှင်းတဲ့နေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်ရှိလာနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အခုနှစ်ပိုင်းအတွင်း မကြာခဏ အသိပေးလာနေပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာ မဟုတ်ဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက ယုံကြည်ထားတာပါ။

ဒါကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ဖို့ ဩဂုတ် ၂၂ ရက်နေ့က အွန်းလိုင်မှာ ပြုလုပ်ခဲ့တဲ့ NLD ဒုတိယဗဟိုကော်မတီရဲ့ ကြားကာလ အဌမအကြိမ် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် ချမှတ်ထားတဲ့ ဖက်ဒရယ်မူ (၆) ချက်ကနေ မသွေဖီစေရေး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကနေ ဗဟိုကော်မတီဝင်တွေ အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ကြပ်မတ်ဆောင်ရွက်ဖို့ကိုလည်း ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ ရှုမြင်ကြောင်း NLD က ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီအခြေအနေမှာ ပြည်တွင်းက နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ PCB နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ အပါအဝင် တခြားနိုင်ငံရေးအင်အားစုတွေ လာမယ့် စက်တင်ဘာ ပထမပတ်အတွင်း ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီတွေ့ဆုံမှုကနေတဆင့် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာရင်လည်း စစ်အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ တွေ့နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းအပေါ် သံလွင်တိုင်းက သက်ဆိုင်သူတချို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ သေသေချာချာ မသိရှိလို့ အတည်မပြုနိုင်ဘူးလို့ အကြောင်းပြန်ပါတယ်။

အပစ်ရပ်ထိုး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး ‌စောကျော်ညွန့်ကတော့ NCA ရဲ့ အနှစ်သာရ သုံးချက်ကို အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတာ ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာ တိမ်မြှုပ်ပျောက်ကွယ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်ပြီးတော့ အစပြုနိုင်အောင် ဘယ်လိုနည်းလမ်းမျိုးနဲ့ ချဉ်းကပ်လို့ ရနိုင်မလဲဆိုတာကိုတော့ ကြိုးပမ်းဆောင်ရွက်မှုတွေကတော့ စဉ်ဆက်မပြတ် ရှိနေပါတယ်။ ဒီအချိန်မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေက သာမန်အခြေအနေ မဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုအောက်မှာ အခုနက ကြိုးပမ်းလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည် အစပျိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်မှာလည်းပဲ လုပ်ငန်းစဉ်တွေကတော့ အမျိုးမျိုး အခြေအနေအရတော့ လှုပ်ရှားဆောင်ရွက်နေကြရတာတွေက ရှိနေပါတယ်ဆိုတာကိုတော့ ပြောလို့ရပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ အနှစ်သာရ သုံးချက်ထဲမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးတို့ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ PCB ကလည်း တိုင်းပြည်ရဲ့ အရင်းခံပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်‌ထောင်စုကို ဦးတည်တဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ရေး ကြိုးပမ်းကြဖို့ မတ် ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

PCB အစုအဖွဲ့ထဲမှာတော့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဦးသာထွန်းလှ အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးတို့ ဦးဆောင်ပြီး အခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ စုဖွဲ့ခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရဘက်ကတော့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအတွင်း ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ PDF တွေကို ချန်လှပ်ထားသလို NLD ပါတီကိုလည်း နိုင်ငံ‌ရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ကြေညာထားတာပါ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အာဆီယံနဲ့ ကုလသမဂ္ဂက အထူးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခွင့် မပေးခဲ့သလို ပြစ်မှုဆိုင်ရာကျူးလွန်တဲ့ အကျဉ်းသားအဖြစ် စစ်အစိုးရက သတ်မှတ်ပုံဖော်ထားတာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးအဖြေရှာမှုအတွင်း မဖြစ်မနေ ပါဝင်သင့်တဲ့ သူတွေနဲ့ အဖွဲ့အစည်းတွေကို စစ်အစိုးရက ရည်ရွယ်ချက်ရှိရှိ ဖယ်ထားတာဟာ အားလုံးပါဝင်တဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ၊ အတွင်းရေးမှူး ဦးတိုးဇော်လတ်က စစ်တပ်ရဲ့ ဘောင်ထဲကနေ တွေ့ဆုံဆွေးနွေးရေးဟာ ပါဝင်သူတွေကို ကန့်သတ်ထားမှုအပေါ် ပြဿာနာရှိတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ Legitimacy အရလည်း သူတို့ ၂၀၂၀ ရွေးကောက်ပွဲက ပေါ်ပါတယ်ဆိုတဲ့ ပြောနေတဲ့ အဖွဲ့တွေကို သက်သက် ဖယ်ထားရင်တော့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကတော့ မရှိနိုင်သေးပါဘူး။ ဒါပေမယ့်ဗျာ အခုလည်း PCB တို့ NCA လက်မှတ်ထိုးထားတဲ့ ၇ ဖွဲ့တို့ဆိုတာ စစ်တပ်က သူတို့ ဘောင်ထဲက သူတို့တွေ ခွင့်ပြုထားတဲ့ထဲက လုပ်ရင် ခွင့်ပြုတဲ့ သူတွေကိုပဲ ပါရမယ်ဆိုပြီးတော့ ကြိုးစားနေကြတာပါ။ အဲဒီကနေမှ တဆင့်ချင်းစီ တက်သွားနိုင်ရင်တော့ မသိဘူးပေါ့ဗျာ။ အဲဒီတော့ သေချာတာတော့ မြန်မာပြည်မှာ တွေ့ဆုံဆွေးနွေးရေးက ပြဿနာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်သူ ပါရမယ် ဘယ်သူ မပါရဘူး All Inclusive ပေါ့ အဲဒီလိုဟာတွေက ပြဿနာရှိပါတယ်”လို့ ဆိုပါတယ်။

NLD ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကိုယ်စားပြုမှုရှိတဲ့ နိုင်ငံရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေရဲ့ အပြည့်အဝ ပါဝင်မှု မရှိတဲ့ ဘယ်နိုင်ငံရေးဖြစ်စဉ်မဆို လူထုရဲ့ ယုံကြည်လက်ခံမှုနဲ့ ပူးပေါင်းမှု အပြည့်အဝရဖို့ ခက်ခဲမယ်လို့ ယုံကြည်ထားတာပါ။

တစ်ဘက်မှာ NUG နဲ့ CRPH တို့ တိုင်းရင်းသားမဟာမိတ်တွေနဲ့အတူ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ကတော့ မြန်မာနိုင်ငံဟာ တရားဝင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေ စတင်နိုင်တဲ့ အဆင့်ကို မရောက်သေးဘူးလို့ ဆိုပါတယ်။

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အနေနဲ့ ထပ်မံအတည်ပြုထားတဲ့ ဘုံသဘောထားရပ်တည်ချက်တွေအဖြစ် နိုင်ငံရေးဦးတည်ချက် ၆ ရပ်ထဲမှာ စစ်အာဏာသိမ်းမှုကို အပြီးတိုင် ဖယ်ရှားပြီး စစ်တပ်ရဲ့ နိုင်ငံ‌ရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အစိုးရနဲ့ တော်လှန်ရေးအင်အားစုတို့ကြား ကန့်သတ်ချက်တွေ ကိုယ်စီရှိနေကြတဲ့အပေါ် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးဟာ လောလောဆယ်မှာ လက်တွေ့ကျကျ ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NCA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.