လောင်းလုံး၊ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်း လောင်းလုံးမြို့အနီး ညှင်မော်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကော်မ ရှင်ဘက်က လေကြောင်းကနေ လာရောက်ဗုံးကြဲသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ လောင်းလုံးမြို့ပေါ်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတာပါ။
အဲဒီတိုက်ပွဲအတွင်း နေ့လည် ၁ နာရီလောက်မှာ စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် ထားဝယ်မြို့ ကာစတန်ရုံးအခြေစိုက် စစ်ကောင်စီတပ်ကလည်းလက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးနေပြီး အဲဒီနှစ်ဖက်တိုက်ပွဲဟာ ညနေ ၄ နာရီအထိ ဆက်လက်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တွေဘက်က ထိခိုက်မရှိသေးဘဲ စစ်ကော်မရှင်ဘက်ကတော့ ၅ ဦးထက်မနည်းထိခိုက်သေဆုံးထားသူတွေ ရှိတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲနဲ့အတူ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညှင်းမော်ကျေးရွာ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ညှင်းမော်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ PDF ၂ ဦးနဲ့ ဒေသခံပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

