မြောက်ဦးဆေးရုံ စစ်တပ်ဗုံးကြဲမှု သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

မြောက်ဦး၊ ဒီဇင်ဘာ ၁၁

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က မြောက်ဦးပြည်သူ့ဆေးရုံ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီလို့ မြေပြင်ကယ်ဆယ်ရေးမှာ ပါဝင်နေသူတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ မနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ မြောက်ဦးဆေးရုံကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။

စစ်ကော်မရှင်တပ် ကြဲချသွားတဲ့ ပေါင် ၅၀၀ ဗုံး တစ်လုံးဟာ ဆေးရုံအပြင်ဘက်၊ နောက်တစ်လုံးဟာ လူနာတွေ ဆေးကုနေတဲ့ ဆေးရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး ပါဝင်နေပြီး ဒဏ်ရာရသူ ၈၀ နီးပါးရှိကာ အဲဒီထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦးကျော် ရှိတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် မြောက်ဦးဆေးရုံပင်မဆောင်၊ ခွဲစိပ်ဆောင်၊ ဝန်ထမ်းအိမ်ယာအပါအဝင် ဆေးရုံအနီးပတ်ဝန်းကျင်က နေအိမ်အဆောက်အဦးတချို့ ထိမှန်ပျက်စီးခဲ့ပါတယ်။

မြောက်ဦးဆေးရုံ စစ်တပ်ဗုံးကြဲမှု နောက်ဆက်တွဲ အခြေအနေ အသေးစိတ် ထုတ်ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက သူရဲ့ လူမှုကွန်ရက်ကနေ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကတော့ မြောက်ဦးဆေးရုံ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

မြောက်ဦးဆေးရုံ ဗုံးကြဲမှုဟာ စစ်တပ်ဘက်က စစ်ရာဇဝတ်မှုကို ထပ်မံကျူးလွန်လိုက်တာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.