ဘားအံ၊ ဒီဇင်ဘာ ၁၀
အာဏာသိမ်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွာလာတဲ့အတွက် ယိုယွင်းနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရမှုတွေဟာ အဆိုးရွားဆုံး အခြေအနေဆီ ရောက်ရှိစေခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီဇင်ဘာ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေဟာ တဟုန်ထိုးဆိုးရွားလာနေပြီး စစ်တပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို ဆန့်ကျင်ကာ အကြမ်းဖက်မှုများစွာကို စနစ်တကျချိုးဖောက်နေတယ်လို့ KHRG က ဆိုပါတယ်။
လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေ၊ ကျေးရွာမီးရှို့ဖျက်ဆီးမှုတွေ၊ တရားလက်လွတ်သတ်ဖြတ်မှုနဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ပြည်သူတွေဟာ ပစ်မှတ်ထားခံနေရပြီး အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အဓမ္မအစဖျောက်ခံရသူတချို့ဟာ လမ်းပြပေါ်တာဆွဲခံရတာတွေ၊ လူသားဒိုင်းနဲ့ မိုင်းရှင်းသူတွေအဖြစ် အသုံးပြုခံရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်တပ်ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖိနှိပ်မှုနည်းလမ်းတစ်ခုအဖြစ် နိုင်ငံတစ်ဝှမ်းလုံးမှာ သိသာထင်ရှားစွာ တိုးမြှင့်အသုံးပြုလာတယ်လို့ KHRG က အသိပေးထားပါတယ်။
ဒါ့အပြင် အာဏာသိမ်း စစ်တပ်ဟာ သွားလာလှုပ်ရှားမှုနဲ့ ကုန်သွယ်မှုအပေါ် ကန့်သတ်ပိတ်ပင်တာ၊ စစ်ဆေးရေးဂိတ်တွေမှာ အစားအသောက်နဲ့ ဆေးဝါးထောက်ပံ့ပစ္စည်းတွေကို ဖမ်းဆီးသိမ်းဆည်းတာတွေအပြင် ငွေကြေးဖောင်းပွမှုတွေကြောင့် ပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်ရေးဟာ အလွန်ခက်ခဲလာတယ်လို့ ဆိုထားပါတယ်။
အထူးသဖြင့် ကလေးတွေဟာ ဂုဏ်သိက္ခာပြည့်ဝတဲ့ ဘဝတစ်ခုရရှိနိုင်ဖို့အတွက် လိုအပ်တဲ့လူ့အခွင့်အရေးအားလုံးကို ဆုံးရှုံးနေရကာ အအနာဂတ်မျိုးဆက်ဟာ အန္တရာယ်ကျရောက်နေပြီလို့ KHRG က သတိပေးထားပါတယ်။
အာဏာသိမ်း စစ်တပ်က ကျောင်းတွေနဲ့ လူမှုအသိုက်အဝန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ အသက်ရှင်နေထိုင်မှုကို ပြောင်းလဲစေတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ကလေးတွေနဲ့ သူတို့ရဲ့ လူမှုအသိုက်အဝန်းတွေကို ကြောက်ရွံ့မှုတွေ၊ ဆင်းရဲမွဲတေမှုတွေနဲ့ လုံခြုံမှုမရှိခြင်းရဲ့ သံသရာမှာ ပိတ်မိနေစေတယ်လို့ KHRG ကဆိုပါတယ်။
ဒါ့အပြင် စစ်တပ်က ဒီဇင်ဘာမှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ ဖြစ်ပေါ်နေပြီးသား အကျပ်အတည်းတွေကို ပိုမိုဆိုးရွားစေလာပြီး နိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တင်းမာမှုရှိတဲ့ဒေသ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေဖြစ်တဲ့အတွက် ယုံကြည်ထိုက်တဲ့ ရွေးကောက်ပွဲတစ်ခုကို ပြုလုပ်နိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စစ်တပ်ရဲ့ တရားဝင်မှုကို ဆန့်ကျင်ပြီး အကူအညီပေးရေး၊ သံတမန်ရေး၊ ကုန်သွယ်ရေးမှာ စစ်တပ်ကို အထောက်အပံ့ဖြစ်စေမယ့် အရာတွေကို ရှောင်ရှားကြဖို့ KHRG က တောင်းဆိုအကြံပြုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

