ကျားဖြန်နှိမ်နင်းဖို့ စစ်ကော်မရှင် ကော်မတီဖွဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုံးဝအခြေမပြုနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ စစ်ကော်မရှင်က ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဒီကော်မတီကို စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးတို့က ဒုဥက္ကဋ္ဌအဖြစ် ဦးဆောင်မှာ ဖြစ်ပါတယ်။

ကော်မတီအဖွဲ့ဝင်တွေအဖြစ် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်တိုင်းမှူးတွေအပါအဝင် အဖွဲ့ဝင် ၁၆ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကော်မတီအတွင်းရေးမှူးအဖြစ် ဒုတိယပြည်ထဲရေးဝန်ကြီးက တာဝန်ယူမှာ ဖြစ်ပါတယ်။

ကော်မတီအနေနဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် မူဝါဒ ချမှတ်တာ၊ လိုအပ်တဲ့ ကော်မတီတွေ ထပ်ဖွဲ့တာ၊ လုပ်ထုံးလုပ်နည်း ရေးဆွဲတာ၊ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပေးရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျားဖြန့်လုပ်ငန်းတွေမှာ တရားမဝင် ရောက်ရှိလုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေထံ ပြန်လည်လွှဲပြောင်းပေးတာနဲ့ ကျားဖြန့်တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

စစ်ကော်မရှင်ကတော့ ဒီကော်မတီ ဖွဲ့စည်းတာဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံအစိုးရနဲ့တွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ ကရင်နယ်ခြားစောင့်တပ်BGF ထိန်းချုပ်ထားတဲ့ KK Park နဲ့ ရွှေကုက္ကိုမြို့သစ်ထဲက ကျားဖြန့်အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာနဲ့ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသား တစ်သောင်းကို ထိုင်းနိုင်ငံတဆင့် လွှဲပြောင်းပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.