ဖနွမ်းပင်၊ ဒီဇင်ဘာ ၁၀

နှစ်နိုင်ငံနယ်စပ်မှာ တိုက်ပွဲတွေတွေ ဖြစ်ပွားနေချိန် ထိုင်းက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် SEA Games ပြိုင်ပွဲကနေ နိုင်ငံကိုယ်စားပြု အားကစား အဖွဲ့ အားလုံး နုတ်တွက်လိုက်ကြောင်း ကမ္ဘောဒီးယားက ကြေညာပါတယ်။

ကမ္ဘောဒီးယား အမျိုးသားအိုလံပစ်ကော်မတီ NOCC က လုံခြုံရေး အကြောင်းရင်းတွေကြောင့် ပြိုင်ပွဲက နုတ်ထွက်ဖို့ ဆုံးဖြတ်ကြောင်း ဆီးဂိမ်းပြိုင်ပွဲ စီစဉ်သူတွေဆီ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းက အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ အားကစားသမားတွေရဲ့ မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုနဲ့ ချက်ချင်း ပြန်ခေါ်ပေးဖို့ တောင်းဆိုမှုတို့ကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ NOCC က ပြောပါတယ်။

ဒါကြောင့် ကမ္ဘောဒီးယား ကိုယ်စားပြု အားကစားအဖွဲ့အားလုံး နုတ်ထွက်ပြီး မိခင်နိုင်ငံသို့ ပြန်လာဖို့ စီစဉ်ပေးရမှာ ဖြစ်ကြောင်း NOCC က ဆီးဂိမ်းအဖွဲ့ချုပ်သို့ ပေးပို့ထားတဲ့ စာမှာ ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်ခဲ့တာ မဟုတ်ကြောင်း NOCC အကြီးအကဲ ဗက်ချန်ရိုအန်က ဆိုပါတယ်။

ဆီးဂိမ်းပြိုင်ပွဲကို ဘန်ကောက်မြို့မှာ ဒီဇင်ဘာ ၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်အထိ ပြိုင်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံကြား ကာလကြာရှည်ရှိနေခဲ့တဲ့ နယ်စပ်ပြဿနာကြောင့် အခု သီတင်းပတ် အတွင်း တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားမှုက ဆီးဂိမ်းပြိုင်ပွဲအပေါ် သက်ရောက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဟာ အရင်ကလည်း အားကစားပြိုင်ပွဲ ၈ မျိုးကနေ နုတ်ထွက်ထားပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွင့်ပွဲ အခမ်းအနားမှာလည်း ကမ္ဘောဒီးယား ကိုယ်စားပြု တက်ရောက်သူ နည်းနည်းလေးပဲ ရှိခဲ့ပါတယ်။

ဆီးဂိမ်းပြိုင်ပွဲက ကမ္ဘောဒီးယား နုတ်ထွက်ကြောင်း အတည်ပြုပြီး ဖြစ်တယ်လို့ ဆီးဂိမ်း ပြိုင်ပွဲ အကြီးတန်းအရာရှိ အကာရင် ဟီရန်ဖရူယက်က ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။

နှစ်နိုင်ငံကြား နယ်စပ် အငြင်းပွားမှုနဲ့ပတ်သက်လို့ ဇူလိုင်လက ၅ ရက်ကြာ တိုက်ခိုက်မှုတွေအတွင်း လူ ၄၀ ကျော် သေဆုံးခဲ့ပြီးနောက် မလေးရှားမှာ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပေမယ့် အခု တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားမှုနဲ့ ပတ်သက်လို့ သဘောတူညီမှု ချိုးဖောက်တယ် ဆိုပြီး နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေကြချိန် ဒီဇင်ဘာ ၉ ရက်အထိ ထိုင်းစစ်သား ၄ ဦး သေဆုံးပြီး ကမ္ဘောဒီးယား အရပ်သား ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

နယ်စပ် တိုက်ပွဲတွေအတွင်း ထိုင်းက တိုက်လေယာဉ်တွေ အသုံးပြုခဲ့ပြီး စစ်ဘေးရှောင်ရသူ ၅ သိန်း အထိ ရှိလာပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

Ref:CAN/AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.