ဒါကာ၊ ဒီဇင်ဘာ ၁၁

ဒီဇင်ဘာ ၇ ရက်က မအောင်မြင် ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြံစည်မှု အဖွဲ့ခေါင်းဆောင်ဟာ အိမ်နီးချင်း တိုဂိုနိုင်ငံမှာ ပုန်းအောင်နေကြောင်း ဘီနင် အကြီးတန်း အစိုးရအရာရှိ တစ်ဦးက ပြောပါတယ်။

ဒုဗိုလ်မှူးကြီး ပါစကဲလ် တီဂရီကို ပြန်လွှဲပြောင်းပေးရေး အစိုးရက တောင်းဆိုသွားမှာ ဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ဘီနင် အကြီးတန်း အစိုးရအရာရှိက ပြောပေမယ့် တိုဂို အစိုးရက မှတ်ချက် မပေးသေးပါဘူး။

အနောက်အာဖရိကမှာ စစ်တပ်က အာဏာလွှဲပြောင်းရယူမှုတွေ အများကြီး ဖြစ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တဲ့ ဘီနင် နိုင်ငံတော် အာဏာသိမ်းဖို့ ကြံစည်မှုကြောင့် အဲဒီ ဒေသအတွင်း ဒီမိုကရေစီ ခြိမ်းခြောက်ခံရမှု ပိုများလာတယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါတယ်။

သမ္မတ ပက်ထရိုက်စ် တာလွန်ရဲ့ အစိုးရက တောင်းဆိုမှုကြောင့် စစ်အခြေစိုက်စခန်း တစ်ခုနဲ့ နိုင်ငံပိုင်ရုပ်သံ သတင်းဌာနရုံးတွေကနေ တပ်တွင်း ပုန်ကန်သူတွေကို နှိမ်နှင်းရေး ဒေသဆိုင်ရာ အင်အားကြီး နိုင်ဂျီးရီးယားက တိုက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီးနောက် အာဏာသိမ်းဖို့ ကြံစည်မှုကို တားဆီးနိုင်ခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်က နိုင်ငံပိုင်ရုပ်သံမှာ စစ်သား တစ်စု ပေါ်လာခဲ့ပြီး နိုင်ငံ့အာဏာကို သူတို့ သိမ်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။

သမ္မတ အိမ်တော် အနီးမှာလည်း သေနတ်သံတွေ ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

သမ္မတ ဖော်ရီ ဂျီနာဆင်းဘီ နေထိုင်တဲ့ တိုဂိုမြို့တော် လိုမဲမြို့ရဲ့ ဒေသမှာပဲ ဒုဗိုလ်မှူးကြီး ပါစကဲလ် တီဂရီ ပုန်းခိုနေတာ ဖြစ်ကြောင်း ဘီနင် အာဏာပိုင်တွေက သိရှိထားပြီး ဖြစ်တယ်လို့ အကြီးတန်း အစိုးရ အရာရှိက ပြောပါတယ်။

ဒီဟာကို ကျွန်တော်တို့ ဘယ်လို ရှင်းပြရမလဲ မသိပါဘူး။ ဒါပေမဲ့ သူ့ကို ပြန်လွှဲအပ်ဖို့ ကျွန်တော်တို့ တရားဝင် တောင်းဆိုသွားမှာ ဖြစ်ပြီး တိုဂို အာဏာပိုင်တွေ ဘယ်လို တုံ့ပြန် မလဲ စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့ အဲဒီအရာရှိက ဖြည့်စွက် ပြောပါတယ်။

အခုပြောဆိုမှုနဲ့ ပတ်သက်လို့ လွတ်လပ်စွာ အတည်ပြုဖို့ မဖြစ်နိုင်သေးကြောင်း ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

တိုဂိုဟာ အနောက်အာဖရိက ဒေသဆိုင်ရာ Ecowas အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အဲဒီအဖွဲ့က ဘီနင်မှာ အာဏာသိမ်းဖို့ ကြံစည်မှုကို ပြစ်တင် ရှုတ်ချထားပါတယ်။

တီဂရီနဲ့ သူ့ရဲ့ ကြံရာပါတွေနဲ့ ပတ်သက်လို့ အနောက်အာဖရိက နိုင်ငံငယ် နှစ်နိုင်ငံကြား အငြင်းပွားမှုကြောင့် အနောက်အာဖရိကမှာ သံတမန်ရေး သဘောထား ကွဲလွဲမှုတွေ ပိုမို နက်ရှိုင်းလာနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ စစ်သား တချို့က နိုင်ငံပိုင် ရုပ်သံသတင်းဌာနကို ခေတ္တထိန်းချုပ်ပြီး သမ္မတ တာလွန်ကို သူတို့ ဖြုတ်ချလိုက်ပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ဂျီးရီးယားရဲ့ လေကြောင်း ပစ်ကူပေးမှု၊ ပြင်သစ်ရဲ့ ထောက်လှမ်းရေး၊ ပို့ဆောင်ရေး အကူအညီနဲ့ ဘီနင် စစ်တပ်က အဲဒီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့ပါတယ်။

အာဏာသိမ်းဖို့ ကြံစည်တဲ့ အဖွဲ့ခေါင်းဆောင်ဟာ တီဂရီ ဖြစ်ကြောင်း စစ်သားတွေက ပြော ပါတယ်။

သူဘယ်နေရာမှာ ရှိနေသလဲဆိုတာကို အရင်က မသိခဲ့ပေမယ့် အိမ်နီးချင်း တိုဂိုနိုင်ငံမှာ ခိုလှုံနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက် တိုဂို နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

တိုဂို အစိုးရက တီဂရီကို ပြန်လွှဲမပေးဘူးဆိုရင် ဘီနင် အာဏာသိမ်းဖို့ ကြံစည်မှုမှာ သူတို့ ကြံရာပါ ဖြစ်ကြောင်း သက်သေပြလိုက်တာပဲ ဖြစ်လိမ့်မယ်လို့ ဘီနင် အရာရှိတွေက ပြောထားပါတယ်။

Ref:BBC/Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.