ဘန်ကောက်၊ နိုဝင်ဘာ ၂၂
ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အယုံအကြည် မရှိ အဆိုကို တုံ့ပြန်မှုတဲ့အနေနဲ့ လွှတ်တော်အစည်းအဝေး စတင်မယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လွှတ်တော်ကို ဖျက်သိမ်းခဲ့မယ်ဆိုရင် လုပ်ငန်းရှင် တစ်ယောက်က သူ့လုပ်ငန်း စစ်ဆေးမခံရအောင် စီမံကိန်းကို စွန့်လွှတ်လိုက်သလို ဖြစ်လိမ့်မယ်လို့ ပြည်သူ့ပါတီက ပြောလိုက်ပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းဖို့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုတွေဟာ စစ်ဆေးမှုကို ရှောင်ရှားချင်လို့ ဒါမှမဟုတ် ဖွဲ့စည်းပုံ ပြင်ဆင်ရေး တာဝန်ရှိမှုကို ရှောင်ရှားချင်လို့ ဖြစ်ပြီး စစ်ဆေးမခံရအောင် ကိုယ်တာဝန်ယူထားတဲ့ စီမံကိန်းကို စွန့်လွှတ်လိုက်တဲ့ လုပ်ငန်းရှင်နဲ့ တူတယ်လို့ ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ လွှတ်တော်အမတ် ပါရစ် ဝါချာရာဆင်ဒူက နိုဝင်ဘာ ၂၁ ရက်က ပြောဆိုခဲ့တာပါ။

လွှတ်တော်ကို ဖျက်သိမ်းလို့ ရတယ်၊ မရဘူးဆိုတာနဲ့ပတ်သက်လို့ ဥပဒေပိုင်းဆိုင်ရာ အချေအတင် ဆွေးနွေးမှုတွေ ရှိနေချိန်မှာ ဝန်ကြီးချုပ်အနေနဲ့ စစ်ဆေးမှုကို ရှောင်ရှားဖို့ သူ့ရဲ့အာဏာကို သုံးပြီး လွှတ်တော်ကို ဖျက်သိမ်းလို့ မရဘူးလို့ မိမိအနေနဲ့ ယုံကြည်ထားကြောင်း သူက ဖြည့်စွက် ပြောပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ဝန်ကြီးချုပ် ပြောဆိုခဲ့တာက သူ့အနေနဲ့ ဘယ်လို သတင်းစကားမျိုး ပေးချင်သလဲဆိုတာ အသေအချာ မသိရပေမယ့် ရွေးကောက်ပွဲ နီးကပ်လာပြီး ဝန်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ပွဲ ဝင်မယ်လို့ အနုတင်က ကြေညာထားချိန်မှာ လွှတ်တော်ကို အဲဒီလို ဖျက်သိမ်းခဲ့ရင် သူ့အပေါ် လူထုအမြင် အပြောင်းအလဲ ရှိလာနိုင်တယ်လို့ မစ္စတာ ပါရစ်က ပြောပါတယ်။

ပြည်သူပါတီအနေနဲ့ အခြေအနေ သုံးရပ်အရ အယုံအကြည်မရှိ အဆို တင်သွင်းသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြည်သူ့ပါတီနဲ့ ဘွမ်ဂျိုင်ထိုင်းပါတီ နာလည်မှု စာချွန်လွှာအတွင်း သဘောတူထားတဲ့အတိုင်း ဇန်နဝါရီ ၃၁ ရက်မှာ လွှတ်တော် မဖျက်သိမ်းခဲ့ရင်၊ အစိုးရရဲ့ မူဝါဒ တစ်ခုခုက ပြည်သူလူထုကို သိသာတဲ့ အန္တရာယ် ဖြစ်စေခဲ့ရင်၊ နှစ်မကုန်ခင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး မပြီးမြောက်ခဲ့ရင် အယုံအကြည်မရှိ အဆို တင်သွင်းဖို့ ပြည်သူ့ပါတီက စီစဉ်ထားတာ ဖြစ်ပါတယ်။
ဖူထိုင်းပါတီ အပါအဝင် တခြား ပါတီတွေအနေနဲ့ သူတို့ရဲ့ လုပ်ပိုင်ခွင့်အနေနဲ့ အယုံအကြည်မရှိ အဆို တင်သွင်းနိုင်သလားဆိုတဲ့ မေးခွန်းကို မစ္စတာ ပါရစ်က ဖြေကြားရာမှာ နိုင်ငံရေး ပါတီတွေ အားလုံးက ဖွဲ့စည်းပုံကို တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ပြီးစီးလိုတယ်လို့ ပြောထားပါတယ်။
လွှတ်တော် ဖျက်သိမ်းမယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုဟာ အယုံအကြည်မရှိ အဆို တင်သွင်းဖို့ စီစဉ်နေတဲ့ အတိုက်အခံကို ခြိမ်းခြောက်ရာရောက်တယ်လို့ ဖူထိုင်းပါတီ လွှတ်တော် အမတ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအဖွဲ့ဝင် ဒေါက်တာ ချိုလ်နန်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟာ ဖွဲ့စည်းပုံကို ဓားစာခံ အဖြစ် ထိန်းချုပ်ထားသလို ဖြစ်နေတယ်လို့ ဒေါက်တာ ချိုလ်နန်က ဆိုပါတယ်။
နိုင်ငံရေး အခြေအနေဟာ မိမိတို့ အစိုးရလို လူနည်းစုအစိုးရအတွက် တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ မဖြစ်နိုင်တော့တာကြောင့် ဒီဇင်ဘာ ၁၂ ရက်မှာ လွှတ်တော်ကို ဖျက်သိမ်းမယ်လို့ ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောဆိုခဲ့တာပါ။
လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် အယုံအကြည်မရှိ အဆို မဲခွဲရင် မိမိတို့ ရှုံးမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောထားပါတယ်။
လွှတ်တော်ကို ဖျက်သိမ်းလိုက်ရင် ဖွဲ့စည်းပုံ ပြင်ဆင်မှုလုပ်ငန်းစဉ် တစ်ခုလုံးကို အစက ပြန်စတင်ရဖို့ရှိနေပါတယ်။
Ref:Bangkokpost

