ကိဗ်၊ နိုဝင်ဘာ ၂၂
အမေရိကန် ကြားဝင်ညှိနှိုင်းပေးထားတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု မူဘောင်ကို ယူကရိန်း သဘောတူ လက်ခံလာစေရေး ထောက်လှမ်းရေး သတင်း မျှဝေပေးမှုနဲ့ လက်နက်ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်က ခြိမ်းခြောက်ထားကြောင်း အဲဒီကိစ္စနဲ့ နီးစပ်သူ နှစ်ဦးက ပြောပါတယ်။
ကိဗ်အစိုးရဟာ အရင်က ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေတုန်းကထက် ဝါရှင်တန်ဆီက ပိုကြီးမားတဲ့ ဖိအားပေးမှုနဲ့ ရင်ဆိုင်နေရပြီး အမေရိကန်က သဘောတူညီမှု မူဘောင်ကို နိုဝင်ဘာ ၂၇ ရက် မတိုင်ခင် ယူကရိန်း လက်မှတ်ရေးထိုးဖို့ တောင်းဆိုထားကြောင်း အခြေအနေအရ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။

အမေရိကန် က စစ်ပွဲကို အဆုံးသတ်စေချင်ပါတယ်။ ယူကရိန်းကို ပေးဆပ်ခိုင်းဖို့ ဆန္ဒရှိနေကြပါတယ်လို့ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
ကိဗ်အစိုးရက နယ်မြေတွေကို လက်လွှတ်ပေးရေး၊ စစ်တပ်အင်အားကို ထက်ဝက် လျှော့ချရေး၊ နေတိုးအဖွဲ့ဝင် မဖြစ်အောင် တားမြစ်ရေးတို့ အပါအဝင် စစ်ပွဲအတွင်း ရုရှားရဲ့ အခြေခံ တောင်းဆိုမှု တချို့ကို လက်ခံထားတဲ့ အချက် ၂၈ ချက်ပါ အစီအစဉ်ကို ဝါရှင်တန်က ယူကရိန်းထံ တင်ပြထားပါတယ်။

ငြိမ်းချမ်းရေး လမ်းကြောင်းကို ဆွေးနွေးရေး အမေရိကန် အကြီးတန်းအရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ နိုဝင်ဘာ ၂၀ ရက်က ယူကရိန်းသို့ လာရောက် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးမှု အောင်မြင်ကြောင်း ယူကရိန်းရှိ အမေရိကန် သံအမတ်နဲ့ စစ်တပ်ရဲ့ ပြည်သူ့ရေးရာ အကြီးအကဲတို့က ပြောကြားပြီး ယူကရိန်းနဲ့ ရုရှား သဘောတူ လက်မှတ်ထိုးရေး အချိန်ကိုလည်း အချိန်တို သတ်မှတ်ပေးထားတယ်လို့ ဆိုပါတယ်။
ဒီအတောအတွင်း အိမ်ဖြူတော်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်နဲ့ ပတ်သက်လို့ ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေက G 20 အစည်းအဝေးမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
အဲဒီ အစည်းအဝေးသို့ ထရန့်ရော ရုရှားသမ္မတ ပူတင်ပါ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ယူကရိန်းဟာ မိမိတို့ ရာဇဝင်မှာ အခက်ခဲဆုံးအချိန် တစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောထားပါတယ်။
ပြင်သစ်သမ္မတ မက်ကရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာတို့နဲ့ နိုဝင်ဘာ ၂၁ ရက်က ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ သမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။
Ref:Reuters

