ဘေဂျင်း၊ နိုဝင်ဘာ ၂၂

ထိုင်ဝမ်နဲ့ပတ်သက်လို့ တိုကျိုက စစ်ရေးအရ ကြားဝင်စွက်မယ်လို့ ခြိမ်းခြောက်တယ်လို့ ဘေဂျင်းက စွပ်စွဲပြီး ကျယ်ပြန့်လာတဲ့ ဂျပန်နဲ့အငြင်းပွားမှုကို တရုတ်က ကုလသမဂ္ဂသို့ တင်ပြပြီး ကိုယ်ကိုယ့်ကို ခုခံ ကာကွယ်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကာအီချီ ပြောဆိုခဲ့တဲ့ စကားတွေဟာ နိုင်ငံတကာ ဥပဒေနဲ့ သံတမန် စံနှုန်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်မှု ဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဖူကုန်းက ကုလ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်ဆီ နိုဝင်ဘာ ၂၁ ရက်က ရေးသား ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် ဂျပန်နိုင်ငံ ရှင်သန်ရေး ခြိမ်းခြောက်ခံလာရမှာ ဖြစ်တဲ့အတွက် စစ်ရေးအရ ကြားဝင် ပါရလိမ့်မယ်လို့ ဝန်ကြီးချုပ် တာကာအီချီက ပြောဆိုခဲ့တာပါ။

ရေလက်ကြား ဖြတ်ကျော် အခြေအနေအတွင်း ဂျပန်က စစ်ရေးအရ ကြားဝင်စွက်ဖက်ရဲတယ်ဆိုရင် ဒါဟာ ရန်စတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သံအမတ်ကြီး ဖူကုန်းက ရေးသားထားပါတယ်။

တရုတ်အနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာ ဥပဒေတွေအရ သတ်မှတ်ထားတဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ကို အပြည့်အဝ အသုံးချသွားမှာ ဖြစ်ပြီး မိမိတို့ရဲ့ အချုပ်အခြာ အာဏာနဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို အခိုင်အမာ ကာကွယ်သွားမယ်လို့ ဖူကုန်းက ရေးပါတယ်။

ဒီမိုကရေစီနည်းနဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ဘေဂျင်းက သူတို့ အပိုင်ဒေသအဖြစ် ရှုမြင်ထားပြီး သူတို့ရဲ့ ထိန်းချုပ်မှုအောက်ထားရှိရေး စစ်အင်အားသုံးစရာလိုရင် သုံးမယ်လို့ ပြောထားပါတယ်။

ထိုင်ဝမ်အစိုးရက ဘေဂျင်းရဲ့ ပြောဆိုမှုတွေကို ပယ်ချပြီး မိမိတို့ အနာဂတ်ကို မိမိတို့ ပြည်သူတွေကပဲ ဆုံးဖြတ်နိုင်တယ်လို့ ပြောထားပါတယ်။

သံအမတ်ကြီး ဖူကုန်းရဲ့ စာနဲ့ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ ဝန်ကြီးချုပ်ရုံးတို့ဆီ နိုဝင်ဘာ ၂၂ ရက်က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။

ပြီးခဲ့တဲ့လက စတင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရှေးရိုးစွဲ အမျိုးသားရေး ဝါဒီ ဝန်ကြီးချုပ် တာကာအီချီက နိုဝင်ဘာ ၇ ရက် လွှတ်တော်မှာ ထိုင်ဝမ်နဲ့ ပတ်သက်လို့ ပြောဆိုမှုတွေကြောင့် တရုတ်နဲ့ ဂျပန်ကြား အပြင်းထန်ဆုံး အငြင်းပွားမှု ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန် နယ်နိမိတ်နဲ့ ကီလိုမီတာ ၁၀၀ လောက်ပဲ ဝေးတဲ့ ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်လာရင် ဂျပန်နိုင်ငံ ဆက်လက် ရပ်တည်ရေး ခြိမ်းခြောက်ခံလာရတော့မှာ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်အနေနဲ့ ရန်စတာတွေ ရပ်တန့်ဖို့နဲ့ စည်းမကျော်ဖို့ တရုတ်က တောင်းဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.