တိုင်ပေ၊ နိုဝင်ဘာ ၂၂

ဝန်ကြီးချုပ်အသစ်နဲ့ ဖြစ်ပွားတဲ့ ပြဿနာကြောင့် တရုတ်က ဂျပန် အစားအစာတွေ ဝယ်ယူမှု ရပ်ဆိုင်းတော့မယ်လို့ သတင်းထွက်နေချိန်မှာ ထိုင်ဝမ်က တိုကျိုအစိုးရကို ထောက်ခံကြောင်း နောက်ထပ် ပြသမှု တစ်ခုအနေနဲ့ ဂျပန်နိုင်ငံက တင်သွင်းတဲ့ အစားအစာတွေ အပေါ်ချမှတ်ထားတဲ့ ကန့်သတ်မှု အားလုံးကို နိုဝင်ဘာ ၂၁ ရက်မှာ ရုတ်သိမ်းလိုက်ပါတယ်။

ကြီးမားတဲ့ မြေငလျင်လှုပ်ခတ်မှုနဲ့ ဆူနာမီကြောင့် ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ဖူကူရှီမား နျူကလီးယား ပြဿနာ ဖြစ်ပွားရာ နေရာနဲ့အနီးတဝိုက် ဂျပန်ဒေသ ၅ ခုက တင်သွင်းတဲ့ အစားအစာတွေကို ထိုင်ဝမ်က အားလုံး လွှမ်းခြုံ တားမြစ်ထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ ကန့်သတ်မှု တချို့ကို ဖြေလျှော့ပေးခဲ့ပါတယ်။

ထိုင်ဝမ် အစားအစာနဲ့ ဆေးဝါး စီမံခန့်ခွဲရေးဌာနက ဂျပန် အစားအစာ ဘေးကင်းရေး စီမံခန့်ခွဲမှု အစီအစဉ်တွေ ပုံမှန်ပြန်ဖြစ်လာပြီလို့ နိုဝင်ဘာ ၂၁ ရက်မှာ ပြောထားပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက ဂျပန် အစားအစာ ၂၇၀၀၀၀ ကို ထိုင်ဝမ်က ရေဒီယိုသတ္တိကြွမှု ရှိ၊မရှိ စစ်ဆေးခဲ့ပြီး ပျက်ကွက်မှု ရာခိုင်နှုန်း လုံးဝ မရှိခဲ့ဘူးလို့ အဲဒီ ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရေဒီယိုသတ္တိကြွမှု အန္တရာယ်တွေကို နောက်ထပ် လေ့လာရာမှာ အန္တရာယ် ဖြစ်စေနိုင်မှု မရှိတော့ကြောင်း တွေ့ရတယ်လို့ အသေအချာ ဖော်ပြမထားတဲ့ သိပ္ပံ အချက်အလက်တွေကို ကိုးကားပြီး ကြေညာချက်မှာ ရေးပါတယ်။

ထိုင်ဝမ်က ကန့်သတ်မှုတွေ ဖြေလျှော့လိုက်ပြီးနောက် တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ရုရှားနဲ့ တောင်ကိုရီးယားတို့ကပဲ ဂျပန် အစားအစာ တင်ပို့မှုအပေါ် ထိန်းချုပ်မှုတွေ ရှိနေတော့တယ်လို့ အဲဒီ အေဂျင်စီက ဆိုတာပါ။

ထိုင်ဝမ်ကို တိုက်ခိုက်လာရင် တိုကျို အစိုးရအနေနဲ့ စစ်ရေးအရ ကြားဝင်ပါရနိုင်တယ်ဆိုတဲ့ ဝန်ကြီးချုပ် ဆာနေး တာကာအီချီရဲ့ ပြောဆိုမှုကြောင့် တရုတ်နဲ့ ဂျပန်ကြား ပြဿနာတက်ပြီးနောက် ထိုင်ဝမ်ရဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ထိုင်ဝမ်ဟာ သူတို့ရဲ့ဒေသ တစ်ခု ဖြစ်တယ်လို့ တရုတ်က ပြောထားပြီး သူတို့ ထိန်းချုပ်မှု အောက်ထားရှိရေး အင်အားသုံးပြီး လုပ်ဆောင်နိုင်တယ်လို့ ပြောထားပါတယ်။

တိုကျိုကို ထောက်ခံတဲ့အနေနဲ့ ထိုင်ဝမ်သမ္မတ လိုင်ချန်းတီ ဆူရှီ ပန်းကန် တစ်ချပ် ကိုင်ထားပုံကို နိုဝင်ဘာ ၂၀ ရက်က လူမှုမီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ် အချုပ်အခြာအာဏာကို ကာကွယ်ပြောဆိုလေ့ရှိပြီး တရုတ်ဘက်ကနေ အစာမကြေတဲ့ သမ္မတ လိုင်က ဘေဂျင်းကြောင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး ပြင်းပြင်းထန်ထန် ထိခိုက်နေရတယ်လို့ ပြောထားပါတယ်။

သမ္မတ လိုင်ဟာ လူအများ အာရုံစိုက်အောင် လုပ်ဆောင်နေသူ တစ်ယောက် ဖြစ်တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက တံဆိပ်ကပ်ထားပါတယ်။

အစားအစာနဲ့ပတ်သက်လို့ ကန့်သတ်မှုတွေ အားလုံး ရုတ်သိမ်းလိုက်တဲ့ ထိုင်ဝမ်ရဲ့ လုပ်ရပ်ကို ဂျပန်က ကြိုဆိုပြီး ၂၀၁၁ ခုနှစ်မှာ မြေငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးသွားခဲ့တဲ့ ဒေသတွေမှာ ပြန်လည် တည်ဆောက်မှုတွေ အသေအချာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.