မော်လမြိုင် ၊ နိုဝင်ဘာ ၁၄

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်သူတွေကို စစ်ကော်မရှင်ဘက်က ပိုက်စိပ်တိုက် ရှာဖွေနေပေမယ့် ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ စစ်ကော်မရှင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်ရှိ “မြင်သူလန်း” ဆံပင် မိတ်ကပ်ဆိုင်အရှေ့မှာ LGBT အမျိုးသား ၃ ဦးကို သေနတ်သမား ၂ ဦးက လာရောက်ပစ်ခတ်ခဲ့တာပါ။

အဲဒီပစ်ခတ်မှုအတွင်း LGBT အမျိုးသား ၃ ဦးထဲက တင်ကိုကိုဦးနဲ့ မနီ(ခေါ်) မာမက်အာယွန်းတို့ဟာ အခင်းဖြစ် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပြီး သူတို့ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဇွဲဝေယံထက်ကတော့ ပြင်း ထန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က မြို့တွင်း လုံခြုံရေး တိုးမြှင့်ပြီး ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုတွေ ဆက်တိုက် လုပ်ဆောင် နေပေမယ့် ပစ်ခတ်မှု ဖြစ်ပွားပြီးချိန်ကနေ နိုဝင်ဘာ ၁၃ ရက်နေ့ ၅ ရက်ကြာတဲ့အထိ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာ မရှိသေးပါဘူး။

မော်လမြိုင်မြို့ခံ တစ်ဦးကတော့ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ မော်လမြိုင်မြို့မှာ ပစ်ခတ်မှု ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိတဲ့အပေါ် စစ်ကော်မရှင်ကို မေးခွန်းထုတ်လိုက်ပါတယ်။

“ပစ်ခတ်မှုက ဖမ်းဆီးနိုင်ခြင်း မရှိဘူးဆိုတာက အဲဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ အသုံးပြုသွားတဲ့ ကျည်ဆန်က 9 mm ကျည်ဆန်ပေါ့။ ဒီဘက် သူတို့ ပျူစောထီးတို့ သူတို့ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူထားတဲ့ လူတွေ ကိုင်ထားတဲ့ဟာတွေထဲမှာလည်း 9 mm တွေက အများကြီး။ သူတို့က တော့ အခု ပိုက်စိတ်တိုက် ရှာဖွေရေးတွေတော့ လုပ်နေတာပေါ့။ ဒီလောက် တင်းကျပ်ပြီးတော့ CCTV ကင်မရာဆိုလည်း ဒုနဲ့ဒေး အပြည့်ရှိတယ်”လို့ ဆိုပါတယ်။

အခုလို မြို့ပေါ် ရပ်ကွက်မှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိတာမရှိတဲ့အပေါ် ဒေသခံတွေအတွက် လုံခြုံမှုမရှိတော့သလို လက်နက်ကိုင်ထားသူတွေ များတာကြောင့် ဒီလို ဖြစ်စဉ်တွေ ဆက်ဖြစ်လာမှာကိုလည်း စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံတွေကတော့ လုံခြုံရေး တင်းကျပ်ပြီး မြို့ဝင် မြို့ထွက် နေ ရာတွေမှာ ပိတ်ဆို့ ရှာဖွေတာ၊ မြို့တွင်း မထင်မှတ်တဲ့ နေရာတွေအပြင် လူစည်ကားရာ နေရာတွေကအစ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

စစ်ကော်မရှင် အပြည့်အဝ ထိန်းချုပ်ထားတဲ့ မော်လမြိုင်မြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ ပေမယ့် ပြစ်မှုကျူးလွန်သူတွေကို လက်ရှိအချိန်ထိ ဖမ်းဆီးရမိမှုမရှိတဲ့အ ပေါ် မြို့ခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

မော်လမြိုင်မြို့ မှာတော့ စစ်ကော်မရှင်ဟာ နေ့စဉ် အင်အားပြ လှည့်လည်တာ၊ ပိတ်ဆို့ ရှာဖွေတာ၊ CCTV အပြည့် တပ်ဆင်ပြီး စောင့်ကြည့်တာတွေ ရှိပေမယ့် မကြာခဏ ဆိုသလို ခိုးမှု၊ လုယက်မှု၊ လူသတ်မှုအပြင် တခြား ဒုစရိုက်မှုတွေ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.