ဒါကာ၊ နိုဝင်ဘာ ၇
အထင်ကရ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု စတင်ပြီးနောက် ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီ တစ်ခုရဲ့ လူထုစုဝေးပွဲကို မော်တော်ဆိုင်ကယ်စီးလာတဲ့ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် တခြား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက နိုဝင်ဘာ ၆ ရက်က ပြောပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရကို ဖြုတ်ချပစ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဆန္ဒပြပွဲတွေနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၆ ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီကြီးတွေရဲ့ မဲဆွယ်မှု နိုဝင်ဘာ ၅ ရက်မှာ စတင်ခဲ့တာပါ။

ဒါပေမဲ့ မဲဆွယ်မှုတွေဟာ ချက်ချင်း ဆိုသလိုပဲ ဆိုးဆိုးရွားရွား အခြေအနေသို့ ပြောင်းလဲ သွားခဲ့ပါတယ်။
အင်အားကြီးမားတဲ့ ဘင်္ဂလားဒေ့ချ် အမျိုးသားရေးပါတီ BNP ရဲ့ နိုဝင်ဘာ ၅ ရက်က ဆိပ်ကမ်းမြို့ စစ်တကောင်းမှာ လူရာပေါင်းများစွာ တက်ရောက်ခဲ့တဲ့ စုဝေးပွဲအတွင်း ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာ ဖြစ်ပြီး ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ BNP ပါတီ အကြီးတန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ အမ်မာ ခါရှရူ မာမွတ် ချောင်ဒရီက ပြောပါတယ်။

BNP ပါတီဟာ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတယ်လို့ အများက မှတ်ယူထားကြတာ ဖြစ်ပါတယ်။
သေနတ်သမားတွေက လူရာပေါင်းများစွာ စုဝေးနေတဲ့ လူအုပ်ကို အလျင်အမြန် ပစ်ခတ်ခဲ့ပေမယ့် BNP ပါတီကိုယ်စားလှယ်လောင်းကို ပစ်မှတ်ထားတဲ့တာ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့က အခိုင်အမာ ပြောပါတယ်။
ကိုယ်စားလှယ်လောင်း အာရှက် အူလာနဲ့ ထောက်ခံသူ တစ်ယောက် ပစ်ခတ်ခံခဲ့ရပြီး အသက် မသေခဲ့ပေမယ့် တတိယတစ်ယောက်ကတော့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ အင်အား ပိုမိုချထားနိုင်ရေး နိုင်ငံရေး ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်မှု မတိုင်ခင် အနည်းဆုံး ၂၄ နာရီ ကြိုတင်ပြီး ရဲစခန်းကို အကြောင်းကြားကြဖို့ လိုကြောင်း အကြီးတန်းရဲအရာရှိ ဟာဆစ် အဇစ်က သတင်းထောက်တွေကို ပြောပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လက ကျောင်းသားတွေ ဦးဆောင်တဲ့ အုံကြွမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ပြုတ်ကျပြီးနောက်ပိုင်း လူသန်း ၁၇၀ ရှိတဲ့ ဘင်္ဂလားဒေ့ချ်မှာ နိုင်ငံရေး ဝရုန်းသုန်းကား ဖြစ်နေပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလမတိုင်ခင်အထိ မဲပေးရမယ့် ရက်ကို မကြေညာရ သေးတာကြောင့် အခု မဲဆွယ်မှုတွေဟာ တကယ်တော့ တရားဝင် မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတော်အကြံပေး အရာရှိချုပ်အဖြစ် တာဝန်ယူထားတဲ့ အသက် ၈၉ နှစ် အရွယ် နိုဘယ် ငြိမ်းချမ်းရေး ဆုရင် မိုဟာမက် ယူနာ့စ်က ဖေဖော်ဝါရီမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ အကြိမ်ကြိမ် ကတိပြုထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးရေး ယူနာ့စ်က ညွှန်ကြားထားကြောင်း သူ့ရဲ့ မီဒီယာအဖွဲ့က ပြောပါတယ်။
ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း၊ ဂုဏ်သိက္ခာရှိရှိ တရားမျှတစွာ ကျင်းပနိုင်ရေး နိုင်ငံရေး ခေါင်းဆောင်တွေ၊ ထောက်ခံသူတွေအနေနဲ့ အေးအေးဆေးဆေး ထိန်းထိန်းသိမ်းသိမ်း ပြုမူကြဖို့ ယာယီအစိုးရက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် လူထုအုံကြွမှုအတွင်း လုယူခံခဲ့ရတဲ့ စက်သေနတ်တွေ၊ ရိုက်ဖယ်တွေနဲ့ ပစ္စတို ၁၃၀၀ လောက်ကို အပ်နှံကြဖို့နဲ့ လာရောက် အပ်နှံသူတွေကို ဆုချီးမြှင့်မှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က ကြေညာထားပါတယ်။
ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး စစ်တပ်က လုံခြုံရေး တာဝန် ယူပေးသွားမှာ ဖြစ်ပြီး ရွေးကောက်ပွဲရင်တော့ စစ်တန်းလျားသို့ ပြန်မှာ ဖြစ်ကြောင်း ဗိုလ်ချုပ် ရာမန်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
Ref:AFP

