ဝါရှင်တန်၊ နိုဝင်ဘာ ၃
ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာစေခဲ့တဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ပြင်းပြင်းထန်ထန် စီးနင်းမှုတွေ လုံလောက်တဲ့ အတိုင်းအတာအထိ မရောက်ရှိသေးဘူးလို့ သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။
ထရန့်ကို CBS သတင်းဌာနက အောက်တိုဘာ ၃၁ ရက်က အင်တာဗျူးမေးမြန်းခဲ့တာ ဖြစ်ပြီး CBS က ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ဖြေရှင်းမှုပြုလုပ်ပြီးနောက် အဲဒီ သတင်းဌာနနဲ့ ပထမဆုံး အင်တာဗျူး လုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲ မတိုင်ခင် သူ့ရဲ့ ဒီမိုကရက် ပြိုင်ဖက် ဒုသမ္မတဟောင်း ကာမယ်လာ ဟားရစ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးနဲ့ပတ်သက်ပြီး ရီပက်ဘလေကန် သမ္မတထရန့်က Paramount ကုမ္ပဏီပိုင် CBS သတင်းဌာနကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ICE ရဲ့ စီးနင်းမှုတွေ များလွန်းနေပြီလားလို့ CBS သတင်းဌာနရဲ့ မေးမြန်းမှုကို ထရန့်က လုံလောက်တဲ့ အတိုင်းအတာအထိ မရောက်သေးဘူးလို့ ထင်ကြောင်း ဖြေကြားသွားပါတယ်။
ဒီမိုကရက်သမ္မတတွေ ဖြစ်တဲ့ ဘားရက် အိုဘားမားနဲ့ ဂျိုးဘိုင်ဒန်တို့ ခန့်ထားခဲ့တဲ့ သဘောထား အလယ်အလတ်ရှိ တရားသူကြီးတွေက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူမတွေအပေါ် စီးနင်းရေး လုပ်ငန်းစဉ်တွေကို တားဆီးနေကြတယ်လို့ ထရန့်က ပြောပါတယ်၊

ICE အေးဂျင့်တွေက တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေလို့ သံသယရှိသူတွေကို အင်အားသုံး ဖမ်းဆီးနေပြီး မျက်ရည်ယိုဗုံးတွေ အသုံးပြုနေသလို ကားတံခါးမှန်တွေကိုလည်း ရိုက်ခွဲတာတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
အဲဒီလို လုပ်ရပ်တွေနဲ့ပတ်သက်လို့ အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းကို ထရန့်က ရွှေ့ပြောင်းနေထိုင်သူတွေကို မောင်းထုတ်ရမှာ ဖြစ်တဲ့အတွက် အဲဒီလိုလုပ်ဆောင်တာ အဆင်ပြေတယ်လို့ ပြောပါတယ်။
ဇန်နဝါရီက အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ နှင်ထုတ်နေပါတယ်။
ICE ရဲ့ စီးနင်းမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေကြောင့် အမေရိကန်နိုင်ငံ တဝှမ်း အထူးသဖြင့် ဒီမိုကရက်တို့ ကြီးစိုးထားတဲ့ မြို့တွေမှာ မငြိမ်သက်မှုတွေ ဖြစ်ပွားနေပါတယ်။
ထရန့်က လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေကို ကူညီပေးရေး အမျိုးသား အစောင့်တပ်ဖွဲ့ ချထားဖို့ ကြိုးပမ်းတာကြောင့် ပြည်နယ်တွေအများကြီးက အစိုးရကို တရားစွဲဆိုမှုတွေလည်း ရှိနေပါတယ်။
ထရန့်အစိုးရက လော့စ်အန်ဂျလိစ်မှာ ဖက်ဒရယ် တပ်ဖွဲ့ဝင်တွေ ချထားပြီး ပေါ့ပ်လန်းနဲ့ ချီကာဂိုမှာ ချထားမယ့် အစီအစဉ်တွေကို ဖက်ဒရယ်တရားသူကြီးတွေက ယာယီ တားမြစ်ထားပါတယ်။
ထရန့်ဟာ သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာထက် ကျော်လွန်လုပ်ဆောင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပြီး အမေရိကန်တဝှမ်း “ဘုရင် အလိုမရှိ”ဆိုတဲ့ ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
ရာဇဝတ်မှု ကင်းစင်ရေး မြို့တွေ နေချင့်စဖွယ် ဖြစ်ရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ထရန့်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အိမ်ခြေယာမဲ့တွေကို နှိမ်နှင်းနေတာ ဖြစ်ပါတယ်။
ထရန့်က အမေရိကန်အနေနဲ့ နိုင်ငံတကာက ရွှေ့ပြောင်းနေထိုင်သူတွေကို အကန့်အသတ်နဲ့ပဲ လက်ခံဖို့ ညွှန်ကြားထားပြီး လူဖြူတွေကို အဓိက လက်ခံဖို့လည်း စီစဉ်နေပါတယ်။
Ref:AFP

