နေပြည်တော် ၊ မေ ၁၆
ရေး-ထားဝယ် ရထားလမ်းပိုင်းတွေကို လက်ရှိလမ်းထက် ကောင်းမွန်ပြီး ပင်လယ်ကမ်းခြေတစ်လျှောက် မောင်းနှင်နိုင်တဲ့ ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ လမ်းတစ်ခု ဖြစ်အောင် ဖောက်လုပ်ဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား စက်မှုနဲ့ လျှပ်စစ်အင်ဂျင်နီယာဌာနရဲ့ စက်ခေါင်းသစ် တပ်ဆင် ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက်စဉ် သူ့လက်အောက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တာပါ။
လက်ရှိမှာ ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်အထိ သွားရောက် နိုင်တဲ့ ရထားလမ်း တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိနေတာကြောင့် ရေးနဲ့ ထားဝယ်လမ်းပိုင်းတွေကို ပင်လယ်ကမ်းခြေ တစ်လျှောက် ဖောက်လုပ်ဖို့ ညွှန်ကြားလာတာပါ။
ဒါ့အပြင် ပြည်-ပုဂံသွား ရထားလမ်း ပြန်လည် ပြင်ဆင် အဆင့်မြှင့်တဲ့ နေရာမှာလည်း သာယာလှပတဲ့ ရှုမျှော်ခင်းတွေ ပါရှိအောင် ဆောင်ရွက်ဖို့နဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေက ဘုရား စေတီပုထိုးတွေပါ ရောက်ရှိ ဖူးမြော်နိုင်အောင် ဆောင်ရွက်ဖို့ ပြောဆိုခဲ့ပါသေးတယ်။
ရထားလမ်း အဆင့်မြှင့်တင်တာနဲ့ အသစ်ဖောက်လုပ်တဲ့ ရထားလမ်း ဆောင်ရွက်တဲ့ နေရာမှာလည်း ခရီးသွား လုပ်ငန်း အဆင့်မြှင့်တင်နိုင်ရေးအတွက်ကိုပါ ထည့်သွင်း တွက်ချက် ဆောင်ရွက်ဖို့ အာဏာသိမ်း သမ္မတက ညွှန်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ရထားလမ်းတွေဟာ သတ်မှတ် အရည်အသွေးနဲ့ အဆင့်မီမှု အားနည်းလျက်ရှိတာကို တွေ့မြင်ရကြောင်း အာဏာသိမ်း သမ္မတက ဝန်ခံခဲ့သလို အရည်အသွေးနဲ့ အဆင့်မီမှုရှိမှသာ မြန်နှုန်းမြင့် မောင်းနှင် အသုံးပြုနိုင်မှာ ဖြစ်တဲ့ အတွက် အဆင့်မြှင့်တင်ဖို့ ပြောဆိုခဲ့တာပါ။
လက်ရှိမှာတော့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်နဲ့ ရန်ကုန်-ပြည် စတဲ့ ရထားလမ်းတွေကို ဦးစားပေး အနေနဲ့ အဆင့်မြှင့်တင် ပြုပြင်သွားရမှာ ဖြစ်ပြီး ရထားလမ်းတွေ အဆင့်မီ ကောင်းမွန်အောင် မဖြစ်မနေ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရထားလမ်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း နောင်အနာဂတ်ကာလမှာ မြေအောက် ရထားလမ်းတွေ တည်ဆောက် အသုံးပြုနိုင်တဲ့အထိ စနစ်တကျ သုတေသနပြု တွက်ချက် ဆောင်ရွက်ထားဖို့ အာဏာသိမ်း သမ္မတက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

