တနင်္သာရီ၊ မေ ၁၆
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ခြောက်မိုင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ လေးရက်ဆက် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ နယ်မြေခံ စစ်ရေးသတင်းအရင်းအမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်နေ့ကနေ မေ ၁၄ ရက်နေ့အထိ ခြောက်မိုင်၊ ငါးမိုင်နဲ့ ဘန်လောကျေးရွာဘက်ကို အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား လေးရက်ဆက် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တာပါ။
မေ ၁၄ ရက်နေ့ကလည်း စစ်ကားနှစ်စီး၊ဖောကားနှစ်စီးနဲ့ အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ခြောက်မိုင်ကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကားတစ်စီး ခေါင်းပိုင်းမှာ ထိမှန်ခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကော်မရှင်တပ်သား ငါးဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ခြောက်မိုင်ကျေးရွာက အရပ်သားနေအိမ်တွေမှာ တပ်စွဲထားတာကြောင့် ခြောက်မိုင်ကျေးရွာက ဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသလို ငါးမိုင်နဲ့ ဘန်လောကျေးရွာက ဒေသခံတွေဟာလည်း တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကလည်း ခြောက်မိုင်ကျေးရွာ ဘုန်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဘက်က အရာရှိတစ်ဦး အပါအဝင် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

