နေပြည်တော် ၊ မေ ၁၆

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မှုထမ်းအကျုံးဝင်သူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စာရင်းပြုစုမှတ်ပုံတင်ထားဖို့ စီမံထားရှိရမယ်လို့ စစ်အစိုးရရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးက ညွှန်ကြားလာပါတယ်။

မေ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ အဖွဲ့ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင်က ဗဟိုအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာပါ။

နေပြည်တော်ကောင်စီ တိုင်း၊ပြည်နယ်အဖွဲ့တွေအနေနဲ့ စစ်မှုထမ်းအင်အားအချက်အလက်အမှန်ရရှိဖို့ မိမိနယ်မြေအတွင်း အကျုံးဝင်သူ စာရင်းကို သက်ဆိုင်ရာ လဝကနဲ့ ပေါင်းပြီး စာရင်းပြုစုမှတ်ပုံတင်ထားဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

အဲဒီလို မှတ်ပုံတင်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်နိုင်ရေး စီမံထားရှိရမှာဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၂) အထိ သင်တန်းဆင်းခဲ့ပြီးဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

စစ်ကောင်စီနဲ့ စစ်ကော်မရှင်လက်ထက်မှာ စစ်မှုထမ်းတွေကို မဲနှိုက်ရွေးချယ်တာ၊ အတင်းအဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ ဒေသန္တရအမိန့် ဖောက်ဖျက်တဲ့ အကြောင်းပြချက်နဲ့ စစ်မှုထမ်းခိုင်းတာ၊ လူဌားရမ်းတာတွေနဲ့ ခေါ်ယူစုဆောင်းနေကြတာပါ။

လက်ရှိမှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ဗိုလ်ချုပ်တွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားအသွင်ပြောင်း စစ်အစိုးရဟာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းသွင်းမှတ်ပုံတင်ပြီး အလှည့်ကျ ဆင့်ခေါ်ဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။

ဒီအပေါ် စစ်မှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စနစ်တကျ ဖြည့်သွင်းပြီး ဥပဒေကြောင်းအရ ဆင့်ခေါ်ကာ ပျက်ကွက်ရင်တော့ အရေးယူလာနိုင်တယ်လို့ CDM တပ်အသိုင်းအဝိုင်းအရာရှိတချို့က ကြိုတင်သုံးသပ်ထားကြတာပါ။

ရပ်ကျေးအဖွဲ့တွေကနေ ပေးပို့တဲ့ ဆင့်ခေါ်စာအရ စစ်မှုထမ်းဆင့်ခေါ်စာရရှိတဲ့ လူငယ်တွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ထွေအုပ်ချုပ်ရုံးထံ မပျက်မကွက် သတင်းပို့ရမှာဖြစ်ပြီး ပျက်ကွက်ရင် စစ်မှုထမ်းဥပဒေနဲ့ အရေးယူခံရမယ်လို့ ဖော်ပြထားတာပါ။

ဒါဟာ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တိုင်း စစ်မှုထမ်းဖို့ သက်ဆိုင်ရာ မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေမှာ မဖြစ်မနေ မှတ်ပုံတင်စာရင်းသွင်းရမှာဖြစ်ပြီး အဲဒီကနေ ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွင်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကလည်း စာရင်းဇယားမှန်ကန်ရေးနဲ့ ရေရှည်မှာ မှတ်တမ်းထည့်သွင်းမှု လွယ်ကူစေဖို့ စစ်မှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် NSIMS ကို အကောင်အထည်ဖော်နေတယ်လို့ ဖေဖော်ဝါရီနှောင်းပိုင်းမှာ အသိပေးထားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတချို့ကတော့ စစ်မှုထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် NSIMS အပြင် PSMS လို့ ခေါ်တဲ့ လူပုဂ္ဂိုလ်စိစစ်ရေးနဲ့စောင့်ကြည့်ရေးစနစ်တို့ကို ပေါင်းစပ်ပြီး လူငယ်တွေကို ပစ်မှတ်ထားတာတွေ ပိုဆိုးလာနိုင်တယ်လို့ ထောက်ပြထားတာပါ။

တစ်ဘက်မှာ သတ်မှတ်ကာလပြည့်လို့ တာဝန်ကျေပွန်ခဲ့တဲ့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာ သင်တန်းတွေပေးပြီး အစိုးရအမှုထမ်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိကအလုပ်အကိုင်တွေ၊ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နိုင်ဖို့ စတင်ဆောင်ရွက်ပေးနေတယ်လို့ မက်လုံးပေးနေပါတယ်။

ဒါပေမယ့် စစ်မှုထမ်းအပတ်စဉ် ၁ မှာ တပ်အင်အား ၅၁၀၀ ကျော်ရှိတဲ့ထဲက နေရပ်ပြန်လာနိုင်သူ အရေအတွက်ဟာ ၂၀၀၀ ဝန်းကျင်သာ ရှိတယ်လို့ မြန်မာ့ကာကွယ်ရေးနဲ့လုံခြုံရေးရာ အင်စတီကျု MDSI ရဲ့ အချက်အလက်တွေကနေ သိရပါတယ်။

ဒါဟာ အပတ်စဉ် ၁ မှာတင် လူငယ် ၃၀၀၀ ဟာ ပျောက်ဆုံးနေပြီး လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၂၀ ကျော်လာချိန်မှာ နေရပ်မပြန်နိုင်တော့တဲ့ အရေအတွက်ဟာ ငါးသောင်းကနေ ခြောက်သောင်းဝန်းကျင်လောက် ရှိလာနိုင်တယ်လို့ MDSI က ခန့်မှန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.