တီဟီရန်၊ နိုဝင်ဘာ ၃
ပြီးခဲ့တဲ့ ဇွန်လက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံတွေကို ပိုကြီးမားတဲ့အင်အားနဲ့ ပြန်လည် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ၊ မိမိတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ မဟုတ်ဘူးလို့ အီရန်သမ္မတ မာဆောက် ပီဇက်ခီယန်က နိုဝင်ဘာ ၂ ရက်က ပြောလိုက်ပါတယ်။
အမေရိကန် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နျူကလီးယား စက်ရုံတွေ ပြန်ဖွင့်ဖို့ တီဟီရန်က ကြိုးပမ်းမယ်ဆိုရင် အီရန် နျူကလီးယားစက်ရုံတွေကို ထပ်မံ တိုက်ခိုက်ဖို့ ညွှန်ကြားသွားမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သတိပေးထားပါတယ်။

အီရန် အဏုမြူစွမ်းအင်အဖွဲ့အစည်းဆီ သွားရောက်ပြီး အီရန် နျူကလီးယားလုပ်ငန်းနယ်ပယ်က မန်နေဂျာတွေနဲ့ တွေ့ဆုံပြီးနောက်မှာ သမ္မတ ပီဇက်ခီယန်က အခုလိုမျိုး ပြောကြားလိုက်တာပါ။
အဆောက်အဦတွေနဲ့ စက်ရုံတွေကို ဖျက်စီးပစ်တာက မိမိတို့အတွက် ပြဿနာ ဖြစ်စေမှာ မဟုတ်ဘဲ မိမိတို့အနေနဲ့ ပိုကြီးမားတဲ့အင်အားနဲ့ ပြန်လည် တည်ဆောက်သွားမှာ ဖြစ်ကြောင်း သူက နိုင်ငံပိုင်မီဒီယာကို ပြောထားတာပါ။

တီဟီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ အရပ်ဖက်အတွက် သီးသန့် ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောဆိုထားပေမယ့် အနောက်တိုင်းက အီရန်ဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာလို့ သံသယရှိနေပါတယ်။
မိမိတို့ရဲ့ နျူကလီးယား စီမံကိန်းက လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရေး၊ ကျန်းမာရေးနဲ့ ရောဂါတွေအတွက် အဖြေရှာရေး ဖြစ်တယ်လို့ အီရန်သမ္မတက ပြောပါတယ်။
အီရန် နျူကလီးယား စက်ရုံတွေဟာ အမေရိကန်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လုံးဝ ပျက်စီးသွားခဲ့ကြောင်း အစ္စရေး ထောက်လှမ်းရေး မိုဆက်က အတည်ပြုထားပါတယ်။
အီရန်အနေနဲ့ လောလောဆယ် ယူရေနီယံ သန့်စင်မှု လုံးဝ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း အစ္စရေး ထောက်လှမ်းရေးက ပြောထားပါတယ်။
မိမိတို့ စစ်ဆင်ရေးအတွင်း အီရန် စက်ရုံတွေထဲမှာ ရှိနေတဲ့ ယူရေနီယံတွေ အားလုံး ဗုံးဒဏ်ကြောင့် ပျက်စီးသွားပြီလို့ ထရန့်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။
ဒါပေမဲ့ အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက မိမိတို့ရဲ့ နျူကလီးယားလုပ်ငန်း နယ်ပယ်ဟာ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးမသွားဘဲ ထရန့်အနေနဲ့ ဆက်လက် အိပ်မက်မက်နေပါလို့ အောက်တိုဘာလမှာ ပြောဆိုခဲ့ပါတယ်။
အီရန်က ကုလနျူကလီးယား စောင့်ကြည့်ရေးအဖွဲ့ IAEA နဲ့ လက်မှတ်ရေးထိုးထားတဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုကို စက်တင်ဘာက ဖျက်သိမ်းခဲ့ပါတယ်။
အမေရိကန် ဗုံးကြဲတိုက်ခိုက်ပြီးနောက် အီရန်က ပျက်စီးသွားတဲ့ စက်ရုံတွေဆီ IAEA သွားရောက် စစ်ဆေးခွင့် မပေးခဲ့ပါဘူး။
အီရန်ရဲ့ပျက်စီးသွားတဲ့ နျူကလီးယား စက်ရုံတွေနေရာမှာ ရေဒီယို သတ္တိကြွမှုတွေလည်း မတွေ့ရဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အမေရိကန်ရဲ့ တိုက်ခိုက်မှု မတိုင်ခင် အီရန်က သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို နေရာ ပြောင်းရွှေ့ထားတာ ဖြစ်နိုင်ပါတယ်။
အမေရိကန်က အီရန် နျူကလီးယား စက်ရုံတွေကို ဗုံးကြဲ ဖျက်စီးပစ်လိုက်ပြီးနောက် သမ္မတ ထရန့်က နျူကလီးယား လက်နက် စမ်းသပ်မှုတွေ ချက်ချင်း ပြန်စဖို့ ညွှန်ကြားထားပြီး အမေရိကန်ရဲ့ အဲဒီ ဆုံးဖြတ်ချက်ကို အီရန်က ပြစ်တင် ရှုတ်ချထားပါတယ်။
Ref:Reuters/Jerusalempost

