လန်ဒန်၊ နိုဝင်ဘာ ၁

ရုရှားက လျှို့ဝှက် ထုတ်လုပ်ထားတဲ့ ခရု့ဇ်ဒုံးကျည်နဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့တာကြောင့် ဒေါ်နယ် ထရန့်က မော်စကိုနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယား လက်နက်ထိန်းချုပ်ရေး သဘောတူညီမှုကနေ သူ့ရဲ့ အမေရိကန်သမ္မတ ပထမသက်တမ်းအတွင်း နုတ်ထွက်ဖို့ ဖြစ်စေခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ရုရှားက မြေပြင်က ပစ်လွှတ်ရတဲ့ 9M729 ဒုံးကျည်တွေကို ယူကရိန်းနဲ့ တခြားနေရာက တိုက်ပွဲတွေမှာ အသုံးပြုနေကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဆိုင်ဘီဟာက အခုလိုမျိုး ပထမဆုံး အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

သြဂုတ်လက စတင်ပြီး ရုရှားက ယူကရိန်းကို အဲဒီ ဒုံးကျည် အမျိုးအစားနဲ့ ၂၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒုတိယမြောက် ယူကရိန်း အကြီးတန်း အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

၂၀၂၂ ခုနှစ် အတွင်း ရုရှားက 9M729 ဒုံးကျည် နှစ်ကြိမ် ပစ်လွှတ်ခဲ့ကြောင်းလည်း ယူကရိန်းက မှတ်တမ်း တင်ထားတယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောတာပါ။

အခုလို ပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဆီ စာရေးပြီး ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိသေးပါဘူး။

ရုရှားက 9M729 အမျိုးအစား ဒုံးကျည်တွေ အသုံးပြုမှုကြောင့် အမေရိကန်က တာလတ်ပစ် နျူကလီးယား လက်နက်များဆိုင်ရာ သဘောတူညီမှု (INF) ကနေ ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောတာပါ။

အဲဒီဒုံးကျည်ဟာ (INF) သဘောတူညီမှုကို ချိုးဖောက် ထုတ်လုပ်ထားတာ ဖြစ်ပြီး ကီလိုမီတာ ၅၀၀ ပစ်ခတ် ရောက်ရှိနိုင်မှု ကန့်သတ်ချက်ထက် ကျော်လွန်နေတယ်လို့ ဝါရှင်တန်က ပြောပေမယ့် ရုရှားက ငြင်းဆိုထားပါတယ်။

နျူကလီးယား ထိပ်ဖူး ဒါမှမဟုတ် သမားရိုးကျ ဒုံးကျည် ထိပ်ဖူး တပ်ဆင်နိုင်တဲ့ အဲဒီ ဒုံးကျည်ဟာ ကီလိုမီတာ ၂၅၀၀ အထိ ပစ်ခတ်နိုင်ကြောင်း ဒုံးကျည် အန္တရာယ်တွေကို ဖော်ပြတဲ့ ဝက်ဘ်ဆိုက် Missile Threat မှာ ဖော်ပြထားပါတယ်။

INF သဘောတူညီမှုအရ တားမြစ်ထားတဲ့ ဒုံးကျည် အမျိုးအစားကို ရုရှားက ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုနေတာက ပူတင်အနေနဲ့ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းနေတဲ့ သမ္မတ ဒေါ်နယ် ထရန့်နဲ့ အမေရိကန်ကို မလေးစားကြောင်း ဖော်ပြနေတာ ဖြစ်တယ်လို့ ဝန်ကြီး ဆိုင်ဘီဟာက ပြောပါတယ်။

ယူကရိန်းက ရုရှား အတွင်းနက်နက်ထဲ အထိ တိုက်ခိုက်နိုင်ရေး Tomahawk တာဝေးပစ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ တောင်းဆိုနေတာ ကြာပြီ ဖြစ်ပေမယ့် ထရန့်က မဆုံးဖြတ်ရသေးပါဘူး။

အဲဒီ ဒုံးကျည်တွေ ယူကရိန်းဆီ ထောက်ပံ့ရေး ပင်တဂွန်က လမ်းရှင်းထားပြီး ဖြစ်တာကြောင့် ထရန့်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ စောင့်ရတော့မယ်လို့ အမေရိကန် အရာရှိတွေက ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.