ဂျီယွန်ဂျူး၊ နိုဝင်ဘာ ၁
အခွန်ဆန့်ကျင်ရေး နိုင်ငံရေး ကြော်ငြာနဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကို တောင်းပန်ထားပြီး ဖြစ်ကြောင်းနဲ့ အဲဒီ ကြော်ငြာကို မပြသဖို့ အွန်တာရီယို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်ဖို့ဒ်ကို ပြောထားပြီး ဖြစ်တယ်လို့ ကနေဒါဝန်ကြီးချုပ် မက် ကာနေက နိုဝင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားမှာ အာရှ-ပစိဖိတ် ညီလာခံ တက်ရောက်ပြီးနောက် သတင်းထောက်တွေကိုု ပြောကြားရာမှာ ဝန်ကြီးချုပ် ကာနေက တောင်ကိုရီးယားသမ္မတရဲ့ အောက်တိုဘာ ၂၉ ရက် တည်ခင်းကျွေးမွေးတဲ့ ညစာစားပွဲမှာ ထရန့်ကို သီးသန့် တောင်းပန်ခဲ့ပြီး ဖြစ်တယ်လို့ ပြောလိုက်တာပါ။

အဲဒီ ကြော်ငြာကို မထုတ်လွှင့်ခင် ပြည်နယ်ဝန်ကြီးချုပ် ဖို့ဒ်နဲ့အတူ ပြန်လည် သုံးသပ်ခဲ့ပြီး အသုံးပြုမှုကို ကန့်ကွက်ခဲ့တယ်လို့လည်း ဝန်ကြီးချုပ် ကာနေက အတည်ပြုထားတာပါ။
ထရန့်နဲ့ တစ်ခါတလေ နှိုင်းယှဉ်ခံရပြီး အပြောအဆို ပွင့်လင်းတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား မစ္စတာ ဖို့ဒ် စီစဉ်ထားတဲ့ အဲဒီ ကြော်ငြာမှာ ရီပက်ဘလေကန် အထင်ကရပုဂ္ဂိုလ် အမေရိကန်သမ္မတဟောင်း ရော်နယ် ရေဂင်ရဲ့ ပြောစကားဖြစ်တဲ့ အခွန်တွေက ကုန်သွယ်ရေးစစ်ပွဲနဲ့ စီးပွားရေး ဘေးအန္တရာယ် ဖြစ်စေတယ်ဆိုတဲ့ စကားကို အသုံးပြုထားပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ထရန့်က ကနေဒါ ကုန်စည်တွေကို အခွန်တိုးမြှင့်ကြောင်း ကြေညာပြီး ကနေဒါနဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံကနေ ထွက်ခွာလာပြီးနောက် ထရန့်က ညစာစားပွဲမှာ ဝန်ကြီးချုပ် ကာနေနဲ့ ပြောဆိုဆွေးနွေးမှု အရမ်းကောင်းတယ်လို့ ပြောကြားခဲ့ပေမယ့် နောက်ထပ် အသေးစိတ်ကိုတော့ မပြောပါဘူး။
အောက်တိုဘာ ၃၁ ရက်အထိတော့ ထရန့်က အမေရိကန်နဲ့ကနေဒါ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ပြန်စဦးမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီအချိန်မှာ ကနေဒါဝန်ကြီးချုပ် ကာနေကို တရုတ်နိုင်ငံဆီ လာရောက်ဖို့ သမ္မတ ရှီကျင့်ဖျင်က ဖိတ်ခေါ်ထားပါတယ်။
နှစ်များစွာ တင်းမာမှုတွေ ရှိခဲ့ပေမယ့် အောက်တိုဘာ ၃၀ ရက်က တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုဟာ ဆက်ဆံရေး အလှည့်အပြောင်း ဖြစ်လာနိုင်တယ်လို့ ကာနေက ပြောပါတယ်။
ကနေဒါနဲ့တရုတ် ခေါင်းဆောင်တို့ နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်က ဆန်ဖရန်ဆစ္စကိုမြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က ဝန်ကြီးချုပ် ထရူးဒိုးနဲ့ ရှီကျင့်ဖျင် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ကနေဒါ ရွေးကောက်ပွဲမှာ တရုတ် ကြားဝင်စွက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ၊ တရုတ်မှာ ကနေဒါနိုင်ငံသားတွေ ဖမ်းဆီးခံရမှုတို့နဲ့ပတ်သက်လို့ နှစ်နိုင်ငံကြား တင်းမာမှုတွေ ရှိနေတာ ကြာပြီ ဖြစ်ပါတယ်။
အာရှ ရီးစဉ်ဟာ အမေရိကန်အပေါ် ကနေဒါ မှီခိုနေရမှုကို လျှော့ချရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဝန်ကြီးချုပ် ကာနေက ပြောထားပါတယ်။
Ref:Reuters

