ဒန်ပါဆား၊ နိုဝင်ဘာ ၃

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေ၊ ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုတွေနဲ့ ပါမစ် ဆိုင်ရာ ဥပဒေချိုးဖောက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု အများဆုံး နေရာတွေထဲက တစ်ခု ဖြစ်တဲ့ ကယ်လင်ကိန်းကမ်းခြေမှာ အငြင်းပွားဖွယ် ဖန်ဓာတ်လှေကား တည်ဆောက်မှုကို အရာရှိတွေက ရပ်ဆိုင်းထားလိုက်ပါတယ်။

ဒိုင်နိုဆောပုံစံ ချောက်ကမ်းပါးရှိတဲ့ ကယ်လင်ကိန်းကမ်းခြေဟာ ခရီးသွားတွေ လူကြိုက်များပြီး ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုအဖြစ် မှတ်ယူခံထားရတဲ့ နေရာ ဖြစ်ပါတယ်။

၁၈၂ မီတာမြင့်တဲ့ ဓာတ်လှေကားက လမ်းခရီးမှာ ခရီးသွားတွေ အကြိမ်ကြိမ် ရပ်နားရမှု မရှိစေဖို့နဲ့ အသည်းယားစရာ ချောက်ကမ်းပါးနဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်စေဖို့ ရည်ရွယ် ဆောက်လုပ်နေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီ ဓာတ်လှေကားဟာ အင်ဒိုနီးရှားရဲ့ ဆောက်လုပ်ရေးစီမံကိန်း ဥပဒေကို ချိုးဖောက်ထားပြီး ဘေးပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ ပါတယ်။

အဲဒီဓာတ်လှေကားဟာ သဘာဝဘေးအန္တရာယ် လျော့ပါးစေဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ဆောက်လုပ်နေတာ ဖြစ်ပြီး ကြီးကြီးမားမား ဆောက်လုပ်မှုတွေကို တားမြစ်ထားတဲ့ နေရာရာမှာ တည်ဆောက်ဖို့ ကြိုးပမ်းနေတာကြောင့် အခုလို ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့ ဘာလီဒေသဆိုင်ရာ လွှတ်တော်အထူးကော်မတီက ပြောပါတယ်။

အဲဒီ ဓာတ်လှေကားရဲ့ ဒီဇိုင်းဟာ ဘာလီရဲ့ ရိုးရာအစဉ်အလာ အဆောက်အဦ ဒီဇိုင်းပုံစံတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။

တရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ အင်ဒိုနီးရှားဆောက်လုပ်ရေးလုပ်ငန်း PT Bangun Nusa Properti က ထောက်ပံ့ထားတဲ့ ဒေါ်လာ ၁၂ သန်း ကုန်ကျမယ့် အဲဒီ စီမံကိန်းကို ၂၀၂၃ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး ကမ်ခြေသို့ ဝင်ရောက်နိုင်တဲ့ အခြေအနေတွေ တိုးတက်လာစေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ကုမ္ပဏီအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေပြင် ကြံ့ခိုင်မှု လေ့လာတာတွေ အပါအဝင် ဥပဒေဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ လိုအပ်ချက်တွေ အားလုံး ပြည့်စုံအောင် လုပ်ဆောင်ထားတယ်လို့ ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာ ကိုမန်း ဆူယန်တာရာက ပြောပါတယ်။

ဖန်ဓာတ်လှေကား တည်ဆောက်မှု ၇၀ ရာခိုင်နှုန်း ပြီးစီးနေတဲ့ အချိန်မှာ အခုလို တည်ဆောက်မှု ရပ်ဆိုင်းဖို့ ညွှန်ကြားချက် ထွက်ပေါ်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ ဆောက်လုပ်ရေး လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ဆောက်လုပ်ရေး လုပ်နေသူတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘူးလို့ ဒေသခံတွေက စွပ်စွဲခဲ့ကြပါတယ်။

ဆောက်လုပ်ရေး ခွင့်ပြုချက် အသေအချာ မရှိဘဲ ဥပဒေချိုးဖောက်မှုတွေကို အတည်ပြုပြီးရင် အဆိုပါ ဖန်ဓာတ်လှေကား တည်ဆောက်မှုကို ထာဝရပိတ်သိမ်းနိုင်တယ်လို့ ဘာလီ အရာရှိတွေက ပြောထားပါတယ်။
Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.