ဝါရှင်တန်၊ နိုဝင်ဘာ ၄
ဗင်နီဇွဲလားနဲ့အမေရိကန် စစ်ဖြစ်နိုင်ခြေကို သံသယဖြစ်မိကြောင်းနဲ့ ဗင်နီဇွဲလားသမ္မတ မာဒူရိုရဲ့ ရာထူးသက်တမ်း နေ့ရက်တွေ အကန့်အသတ်ရှိလာပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလားနဲ့အမေရိကန် စစ်ဖြစ်လာမှာလားဆိုတဲ့ CBS သတင်းဌာနရဲ့ မေးခွန်းကို ထရန့်က အခုလိုမျိုး ဖြေကြားခဲ့ပြီးနောက် ဗင်နီဇွဲလားက မိမိတို့ နိုင်ငံအပေါ် အရမ်းဆိုးဆိုးရွားရွား ပြုမူနေတယ်လို့ ပြောပါတယ်။

ကာရေဘီယံမှာ မူးယစ်ဆေးဝါး မှောင်ခိုကူးနေတယ်ဆိုတဲ့ သင်္ဘောတွေကို အမေရိကန်က အရှိန်မြှင့် တိုက်ခိုက်နေချိန်မှာ သမ္မတ ထရန့်ရဲ့ အခုလို ပြောဆိုချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံထဲ မူးယစ်ဆေး ဝင်ရောက်နေမှု တားဆီးရေး အဲဒီ တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထရန့် အစိုးရက ပြောဆိုထားပါတယ်။
အမေရိကန်ရဲ့လုပ်ရပ်တွေဟာ မူးယစ်ဆေးဝါး ဝင်ရောက်မှုကို တားဆီးဖို့ မဟုတ်ဘဲ ထရန့်နဲ့ ရေရှည် အတိုက်အခံ ဖြစ်နေတဲ့ သမ္မတ မာဒူရိုကို ဖြုတ်ချဖို့ ရည်ရွယ်တာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထရန့်က ပယ်ချပြီး မိမိတို့ တိုက်ခိုက်မှုတွေဟာ ကိစ္စရပ်တွေ အများကြီးနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

စက်တင်ဘာလဆန်းပိုင်းက စပြီး ကာရေဘီယံနဲ့ အရှေ့ပစိဖိတ်မှာ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၆၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။
အဲဒီ သင်္ဘောတွေမှာ တင်ဆောင်လာတဲ့ မူးယစ်ဆေးတွေ အမေရိကန်နိုင်ငံထဲ ရောက်ရှိလာခဲ့မယ်ဆိုရင် အဲဒီထက် အရမ်းများတဲ့ လူတွေ မိသားတွေ သေဆုံးရမှာ ဖြစ်တယ်လို့ ထရန့်က ပြောထားပါတယ်။
ဗင်နီဇွဲလားကို မြေပြင်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားမှာလားဆိုတဲ့ မေးခွန်းကိုတော့ ထရန့်က ပယ်ချဖို့ ငြင်းဆိုပြီး ဗင်နီဇွဲလားကို ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုတာနဲ့ ပတ်သက်လို့ မပြောလိုကြောင်း ဖြေကြားသွားပါတယ်။
ဝါရှင်တန်က မိမိတို့ကို တိုက်ခိုက်လိုတာကြောင့် မူးယစ်ဆေးဝါးကို အကြောင်းပြနေတာ ဖြစ်တယ်လို့ မာဒူရိုက စွပ်စွဲထားပြီး ကိုလံဘီယာ သမ္မတ ဂတ်စတာဗို ပက်ထရိုက အမေရိကန်ဟာ လက်တင် အမေရိကကို ကြီးစိုးဖို့ အဲဒီလို တိုက်ခိုက်မှုတွေကို အသုံးချနေတာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဗင်နီဇွဲလားဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ရာဇဝတ်ဂိုဏ်းတွေ ရှိနေတဲ့နိုင်ငံ ဖြစ်တယ်လို့ ထရန့်က ဆိုပါတယ်။
မိမိတို့အနေနဲ့ ဗင်နီဇွဲလားမှာ မာဒူရို အစိုးရကို ဖြုတ်ချချင်တာကြောင့် အခုလို တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မဟုတ်ဘူးလို့ ထရန့်က ဆိုထားပေမယ့် မာဒူရိုရဲ့ သမ္မတ ရာထူးသက်တမ်း အကန့်အသတ်ရှိလာပြီလို့ ပြောပါတယ်။
Ref:BBC

