KNU နယ်မြေမှာ စစ်တပ်စစ်ကြောင်း မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီး

သရက်ချောင်း၊ အောက်တိုဘာ ၂၉

အာဏာသိမ်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ် ၁၀၀ ကျော်အထိ ရှိလာတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က KNU မြိတ် – ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ လဘကျေးရွာက နေအိမ် ၄၂ လုံး မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒေသခံ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကော်မရှင်တပ်ရင်းတွေဟာ တပ်ရင်း(၄၀၃)၊ (၄၀၄)၊ (၄၀၅)တို့က ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၁၀ ရက်နေ့ကလည်း KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ကွင်းဒလကြီးကျေးရွာက နေအိမ် ၇၂ လုံး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် KNU အုပ်ချုပ်နယ်မြေထဲက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာတယ်လို့ KNU ဗဟိုက အသိပေး ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.