ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၉
အာဆီယံ ဥက္ကဋ္ဌရာထူးကို မလေးရှားက ဖိလစ်ပိုင်ထံ အောက်တိုဘာ ၂၈ ရက်က လွှဲပြောင်း အပ်နှံလိုက်တာကြောင့် ၂၀၂၆ ခုနှစ်အတွင်း မနီလာအစိုးရ တာဝန်ယူချိန်မှာ တောင်တရုတ် ပင်လယ်တွင်း နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို အဓိက အာရုံစိုက်လာဖွယ် ရှိနေပါတယ်။
ယခုနှစ်ကုန်ချိန်အထိ အာဆီယံဥက္ကဋ္ဌနေရာမှာ ဆက်ရှိနေမယ့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံညီလာခံ ပိတ်ပွဲမှာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်ဆီ အာဆီယံ ဥက္ကဋ္ဌ ကိုင်ရတဲ့ သစ်သားတူကို လွှဲအပ်ပေးခဲ့ပါတယ်။

၂၀၂၆ ခုနှစ်ရဲ့ပထမဆုံးနေ့မှာ အာဆီယံ အခန်းသစ်တစ်ခု စတင်မယ်လို့ ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်ထားတဲ့ တောင်တရုတ် ပင်လယ်အတွင်း နယ်နိမိတ် ပိုင်ဆိုင်ကြောင်း ပြောဆိုနေကြတဲ့ အာဆီယံ ၄ နိုင်ငံမှာ ဘရူနိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့နဲ့ အတူ ဖိလစ်ပိုင်လည်း ပါဝင်နေပါတယ်။
ဒါကြောင့် အဲဒီ မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်းကို အချုပ်အခြာ အာဏာပိုင်တယ်လို့ ပြောဆိုနေတဲ့ တရုတ်နဲ့ အဲဒီ အာဆီယံနိုင်ငံတွေကြား အငြင်းပွားမှုတွေ ရှိနေပါတယ်။

အဲဒီ ရေပြင်ကို တရုတ်က သူတို့ ပိုင်ဆိုင်တယ်လို့ ပြောဆိုနေမှုဟာ ဥပဒေအရ မှန်ကန်မှု မရှိဘူးလို့ နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေး တရားရုံးက ၂၀၁၆ ခုနှစ် အတွင်း ဆုံးဖြတ်ခဲ့ပေမယ့် ဘေဂျင်းက ပယ်ချထားပါတယ်။
အထူးသဖြင့် ဘေဂျင်းနဲ့ အမေရိကန် မဟာမိတ် ဖိလစ်ပိုင်တို့ကြား တောင်တရုတ်ပင်လယ်မှာ ထိပ်တိုက်တွေ့မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်က မီးသတ်ပိုက်တွေနဲ့ ထိုးပြီး တားဆီးတာတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
အာဆီယံနဲ့ တရုတ်တို့က အဲဒီ အငြင်းပွားနေတဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်း သတ်မှတ်ချက်တွေ ထားရှိဖို့ စီစဉ်နေပြီး လာမယ့်နှစ်မှာ အကောင်အထည် ပေါ်လာဖို့ ရည်မှန်းထားပါတယ်။
ဒါဟာ အဲဒီ အစီအစဉ်ကို အဆိုပြုပြီး ဆယ်စုနှစ် နှစ်စုကျော်ကြာမှ အကောင်အထည် ဖော်ဖို့ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်အနေနဲ့ ရေပြင်လုံခြုံရေး သေချာအောင် လုပ်ဆောင်ဖို့ မျှော်လင့်ထားပေမယ့် တရုတ်နဲ့ သဘောတူညီမှု တစ်ခုခု ရယူခဲ့မယ်ဆိုရင်လည်း သွားမရှိသလို ဖြစ်နေလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
မနီလာက နောက်ထပ် တင်းမာမှု မမြင့်တက်လာစေရေး တွန်းအားပေးပြီး ဘေဂျင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းလိမ့်မယ်လို့ သံတမန်တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။
အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်အနေနဲ့ နိုင်ငံရေး ပြဿနာ ကြုံနေတဲ့ မြန်မာနိုင်ငံအရေးကိုလည်း ဖြေရှင်းဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ စတင်ဖို့ ပြင်ဆင်နေချိန် အာဆီယံက လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာ မဟုတ်ဘူးလို့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အာဆီယံအဖွဲ့ဝင် တချို့က ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်သွားဖွယ် ရှိနေပေမယ့် အာဆီယံက မစေလွှတ်ခဲ့ရင် နိုင်ငံတကာ အသိအမှတ်ပြုခံရဖို့ မျှော်လင့်ထားတဲ့ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ဆုတ်ယုတ်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်အနေနဲ့ စစ်ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးသို့ ပြန်လည် တက်ရောက်ခွင့် ပေးမှာလား ဆိုတာကိုလည်း ဆုံးဖြတ်ရမှာ ဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ရေး ဆွေးနွေးမှုတွေကိုလည်း ကြီးကြပ်ရမှာ ဖြစ်ပါတယ်။
Ref:AFP

