ဂျေရုစလင်၊ အောက်တိုဘာ ၂၉
အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်မှုအတွက် တုံ့ပြန်တဲ့အနေနဲ့ ဂါဇာမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစ္စရေး အရာရှိတွေက ပြောပါတယ်။
ဂါဇာရှိ အစ္စရေးစစ်သားတွေကို ဟားမာ့စ်အဖွဲ့က အောက်တိုဘာ ၂၈ ရက်က တိုက်ခိုက်ပြီး သေဆုံးသွားပြီဖြစ်တဲ့ ဓားစာခံအလောင်းတွေကို ပြန်လွှဲပေးရေးဆိုင်ရာ သတ်မှတ်ချက်တွေကို ချိုးဖောက်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာ့စ်က စွပ်စွဲထားပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ မိမိတို့နဲ့ပတ်သက်မှု မရှိကြောင်းနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လိုက်နာနေတယ်လို့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်က ပြောပါတယ်။
အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းသား အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရှိ ဟားမာ့စ် ဖွင့်ထားတဲ့ အရပ်ဖက် ကာကွယ်ရေးအေဂျင်စီနဲ့ ဆေးရုံ အရာရှိတွေက ပြောထားပါတယ်။

အစ္စရေးက ဂါဇာစီးတီး၊ ဘိတ် လာဟီယာ၊ အယ်လ်ဘူရိတ်ချ်၊ နူဆိုင်ရတ်နဲ့ ခန်ယောနိစ်မြို့ရှိ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေမယ့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တည်မြဲတယ်လို့ ယုံကြည်ကြောင်း အမေရိကန်ဒုသမ္မတ ဂျေဒီ ဗင့်စ်က ပြောပါတယ်။
အင်အားအပြည့်နဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စစ်တပ်ကို ဝန်ကြီးချုပ် နေတန်ညာဟုက ညွှန်ကြားထားကြောင်း သူ့ရဲ့ ရုံးက အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပေမယ့် တိုက်ခိုက်ရတဲ့ အကြောင်းရင်းတွေကိုတော့ ဖော်ပြမထားပါဘူး။
ဒါပေမဲ့ ဟားမာ့စ်အဖွဲ့ဟာ ဂါဇာရှိ အစ္စရေးစစ်သားတွေကို အောက်တိုဘာ ၂၈ ရက်က တိုက်ခိုက်ပြီးတော့ အနီရောင်စည်းကို ကျော်ဖြတ်ခဲ့တယ်လို့ ဝန်ကြီး အစ္စရေး ကာ့စ်က ပြောပါတယ်။
ဟားမာ့စ်အဖွဲ့အနေနဲ့ အစ္စရေး စစ်သားတွေကို တိုက်ခိုက်မှုနဲ့ သေဆုံးသွားတဲ့ ဓားစာခံ အလောင်းတွေကို ပြန်လွှဲပေးဖို့ ပျက်ကွက်မှုတို့အတွက် အဆပေါင်းများစွာ ပြန်လည် ပေးဆပ်ရမှာ ဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက သတိပေးပါတယ်။
အပစ်အခတ်ရပ်စဲမှုအရ ဂါဇာမှာ အစ္စရေး ထိန်းချုပ်ထားတဲ့ နယ်နိမိတ်ကို သတ်မှတ်ထားတဲ့ အဝါရောင်စည်းရဲ့ အရှေ့ဖက်မှာ ဟားမာ့စ်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။
ဂါဇာစီးတီးတောင်ပိုင်းရှိ ရာဖာမြို့မှာ အစ္စရေး စစ်သားတွေကို ဟားမာ့စ်အဖွဲ့က သံချပ်ကာကားဖျက် ဒုံးကျည်တွေ စနိုက်ပါတွေနဲ့ အောက်တိုဘာ ၂၈ ရက် နေ့လယ်က တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေး မီဒီယာက ဖော်ပြပါတယ်။
တချိန်တည်းမှာပဲ အစ္စရေး စစ်တပ်က အဲဒီ ဒေသကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း မီဒီယာက ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက အစ္စရေးရဲ့ ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတွေပြီးနောက် မြောက်ပိုင်းမှာ ဂါဇာစီးတီးနဲ့ တောင်ပိုင်းမှာ ခန်ယောနိစ်အပါအဝင် ဒေသတွေ အများကြီးမှာ အားပြင်းတဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ဂါဇာစီးတီး တောင်ပိုင်း ဆာဘရာ ဒေသရှိ လူနေအိမ် တစ်လုံး ဗုံးကြဲခံရပြီး အမျိုးသမီး ၃ ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဟားမာ့စ် ဖွင့်ထားတဲ့ အရပ်ဖက်လုံခြုံရေးအေဂျင်စီက ပြောပါတယ်။
အခုလို တိုက်ခိုက်မှုတွေ ရှိနေပေမယ့် အမေရိကန် ဒုသမ္မတက အသေးစား တိုက်ခိုက်မှုတွေ ရှိနေပေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု တည်မြဲတယ်လို့ ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Ref:BBC

