မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ စေလွှတ်ရေး အာဆီယံအတွင်း ဘုံသဘောထား မရသေး

ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၉

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ စေလွှတ်မှာလားဆိုတဲ့ ဘုံသဘောတူညီချက်အတွက် အာဆီယံအဖွဲ့အနေနဲ့ မဆုံးဖြတ်ရသေးဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက အောက်တိုဘာ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာဆီယံက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားတယ်လို့ သမ္မတ မားကို့စ်က ကွာလာလမ်ပူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့တာပါ။

မိမိတို့ အမှန်တကယ် နှံ့နှံ့စပ်စပ် ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင် တစ်နိုင်ငံချင်းစီ လွတ်လပ်စွာ ဆုံးဖြတ်ဖို့ပဲ ထားလိုက်တယ်လို့ ဖိလစ်ပိုင်သမ္မတက ပြောလာတာပါ။

မိမိတို့ ဆွေးနွေးမှုအတွင်း လူတိုင်းမှာ မတူညီတဲ့ အတွေးတွေ ရှိခဲ့ကြတာကြောင့် အာဆီယံက ဘုံသဘောထားအတွက် ဆုံးဖြတ်တော့မှာ မဟုတ်ဘူးလို့ ထင်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

ဖိလစ်ပိုင်အနေနဲ့ ကျွန်တော်တို့ လုပ်သင့်တာကို ဆုံးဖြတ်ရပါလိမ့်မယ်။ တခြားနိုင်ငံတွေ ဘာလုပ်မလဲဆိုတာကိုလည်း ကျွန်တော်တို့ စောင့်ကြည့်သွားပါမယ်လို့ မားကို့စ်က ပြောပါတယ်။

အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအနေနဲ့ ဒီဇင်ဘာလ ရောက်ရင် ဘုံသဘောထား တစ်ရပ် အသင့်ရှိနေဖို့ မျှော်လင့်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပေမယ့် ကွဲလွဲမှုတွေက ကြီးကြီးမားမား မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီဇင်ဘာ ၂၈ ရက် မရောက်ခင် မိမိတို့ ဘုံသဘောတူညီချက် တစ်ရပ် ရရှိလာလိမ့်မယ်လို့ မိမိအနေနဲ့ မျှော်လင့်ကြောင်းလည်း မားကို့စ်က ပြောပါတယ်။

အာဆီယံအနေနဲ့ တစ်ဖွဲ့တည်း သဘောထားနဲ့ လုပ်ဆောင်တာက ပိုသဘောကျစရာ ကောင်းပေမယ့် ဒီဇင်ဘာ ၂၈ ရက် မတိုင်ခင် ဆုံးဖြတ်ချက်ချရမယ်လို့ သူက ပြောပါတယ်။

အာဆီယံအဖွဲ့ဝင်တွေကြား ဘုံသဘောတူညီချက် မရခဲ့ရင် မြန်မာနိုင်ငံဆီ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်က ကိုယ်တိုင်ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂတို့က ပြောဆိုထားပါတယ်။

Ref: JMA, GMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.