ဝါရှင်တန်၊ အောက်တိုဘာ ၂၉
ဝင်ငွေနည်း အမေရိကန်ပြည်သူ သန်း ၄၀ ကျော် အသုံးပြုနေတဲ့ စားနပ်ရိက္ခာ အကူအညီ ရန်ပုံငွေ ရပ်တန့်မယ့် အစီအစဉ်ကြောင့် ထရန့်အစိုးရကို အမေရိကန်ပြည်နယ် ထက်ဝက်က တရားစွဲဆိုထားပါတယ်။
ဖြည့်စွက်အာဟာရ အကူအညီ စီမံကိန်း Snap အတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၆ ဘီလီယံကို အစိုးရ သုံးစွဲလာအောင် လုပ်ဆောင်နိုင်မယ်လို့ တရားစွဲထားတဲ့ ပြည်နယ်တွေက မျှော်လင့်နေကြပါတယ်။

အဲဒီ စီမံကိန်းကို ကြီးကြပ်နေတဲ့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက သဘာဝ ဘေးအန္တရာယ်တွေလို အခြေအနေမျိုးအတွက် အရေးပေါ်ရန်ပုံငွေ လိုအပ်မှာ ဖြစ်တယ်လို့ စောဒက တက်ပြီး သုံးစွဲမှာ မဟုတ်ဘဲ နိုဝင်ဘာမှာ ရန်ပုံငွေကုန်မယ့် အချိန်အထိ စောင့်ကြည့်မယ်လို့ ပြောထားပါတယ်။
အစိုးရဌာနတွေ အကြာကြီး ပိတ်သိမ်းထားရမှုအတွက် ရီပက်ဘလေကန်တွေနဲ့ ဒီမိုကရက်တို့ အပြန်အလန် အပြစ်တင်နေကြပြီး သဘောတူညီမှု တစ်ရပ် ရရှိဖို့ အဓိပ္ပါယ်ပြည့်ဝတဲ့ အခြေအနေ တိုးတက်မှုမျိုးလည်း မမြင်တွေ့ရသေးပါဘူး။

ပြည်နယ် ၂၅ ခုနဲ့ ဝါရှင်တန်ဒီစီတည်ရှိတဲ့ District of Columbia က ဒီမိုကရက်အစိုးရရှေ့နေချုပ်တွေ ဦးဆောင်တဲ့ တရားစွဲဆိုမှုက အရေးပေါ်အရန် ရန်ပုံငွေကို အစိုးရ ထုတ်မသုံးတာဟာ ဥပဒေနဲ့မညီဘဲ အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာ ဈေးဝယ်ဖို့ မတတ်နိုင်ဖြစ်သွားလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ စားနပ်ရိက္ခာ စီမံကိန်းရဲ့ ရာဇဝင်မှာ ရန်ပုံငွေ မရှိဖြစ်ရတာ အခုပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း အစိုးရ ရှေ့နေချုပ်တွေက ထောက်ပြထားပါတယ်။
အဲဒီ အစားအစာ အကျိုးခံစားခွင့်တွေ မရရှိတော့ရင် စားနပ်ရိက္ခာ မဖူလုံမှု၊ ဆာလောင်မှု၊ အာဟာရချို့တဲ့မှုတို့ ဖြစ်လာနိုင်ပြီး ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြပါတယ်။
တရားစွဲဆိုမှုမှာ ပါဝင်ကြတဲ့ ပြည်နယ်တွေကတော့ အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ကိုလိုရာဒို၊ ကွန်နက်တီကက်၊ ဒယ်လာဝဲ၊ ဟာဝိုင်ယီ၊ အီလီနွိုက်စ်၊ ကန်ဆက်၊ ကန်တက်ကီ၊ မိန်း၊ မယ်ရီလန်း မန်ဆာချူးဆက်၊ မီချီဂန်၊ မင်နီဆိုတာ၊ နီဗားဒါး၊ နယူးဂျာစီ၊ နယူးမက္ကစီကို၊ နယူးယောက်၊ မြောက်ကယ်ရိုလိုင်းနား၊ အော်ရီဂွန်၊ ပန်ဆယ်ဗေးနီးယား၊ ရို့ဒ်အိုက်လန်း၊ ဗားမောင့်၊ ဝါရှင်တန်နဲ့ ဝင်ကွန်ဆန်ပြည်နယ်တို့ ဖြစ်ပါတယ်။
ထရန့်အစိုးရအနေနဲ့ စားနပ်ရိက္ခာ အကူအညီအတွက် အရန် ရန်ပုံငွေတွေကို ထုတ်သုံးခဲ့မယ် ဆိုရင်လည်း တစ်နေ့တာ ထောက်ပံ့စရိတ်ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ ကာမိလိမ့်မယ်လို့ တတ်သိပညာရှင်တွေက ပြောထားပါတယ်။
အဲဒီ စီမံကိန်းအရ မိသားစု တစ်စုဟာ တစ်လကို ၇၁၅ ဒေါ်လာ လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။
ပြည်နယ် တချို့က ကိုယ်ပိုင်ရန်ပုံငွေနဲ့ ထောက်ပံ့သွားမယ်လို့ ပြောဆိုနေကြပေမယ့် ဖက်ဒရယ် အစိုးရက သူတို့သုံးလိုက်တဲ့ ရန်ပုံငွေတွေအတွက် ပြန်ဖြည့်ပေးမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ဒီလို ရန်ပုံငွေ ပြတ်တောက်နေတာဟာ ဒီမိုကရက်တွေကြောင့် ဖြစ်တယ်လို့ ရီပက်ဘလေကန်တွေက အပြစ်တင်ထားပါတယ်။
အမေရိကန်အစိုးရဌာနတွေ ပိတ်ထားရမှုဟာ အောက်တိုဘာ ၂၈ ရက်မှာ ၂၈ ရက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပြီး ရာဇဝင်မှာ ဒုတိယမြောက် အရှည်ကြာဆုံး ပိတ်ထားရမှု ဖြစ်ပါတယ်။
Ref:BBC

