ထားဝယ်၊ အောက်တိုဘာ ၃၀

တနင်္သာရီတိုင်း ထားဝယ်မြို့အနီးမှာ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်သုံးဦး သေဆုံးပြီး ကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က ထားဝယ်မြို့အနီး လှည့်ကင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်နေ့ကလည်း ရေဖြူမြို့နယ် ညှင်းထွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေကိုတော့ DNLA၊ ဒူရကစစ်ကြောင်း၊ ဧဒင်မှုးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ရွေးကောက်ပွဲ မတိုင်မီ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်မှုတွေ အရှိန်မြှင့်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန် ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.