သံတွဲနဲ့ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းခွင့် AA ရက်အကန့်အသတ်မရှိ ပိတ်ပင်

သံတွဲ၊ အောက်တိုဘာ ၂၀

အာရက္ခပြည်နယ် ပင်လယ်ကမ်းခြေအနီးရှိ မြို့ရွာတွေမှာ ရေလုပ်ငန်းကို အဓိကလှုပ်ကိုင်နေတဲ့ ပြည်သူတွေအနေနဲ့ ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းခြင်းမပြုကြဖို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ရှိ သံတွဲနဲ့ ဂွမြို့အနီးရှိ ပင်လယ်ပြင်မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းခြင်းမပြုကြဖို့ အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာပါ။

စစ်ကော်မရှင်တပ်ဟာ စစ်သင်္ဘောပေါ်မှ ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ ငါးဖမ်းလှေတွေကို လက်နက်ကြီးဖြင့် ပစ်ခတ်တာ၊ တံငါသည်တွေကို ဖမ်းဆီးသတ်ဖြတ်တာကို ပြုလုပ်နေတာကြောင့် ပိတ်ပင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် နေ့အချိန် ငါးသွားဖမ်းပါက ကမ်းခြေနဲ့ အဝေးမှာ သွားရောက် မဖမ်းကြဖို့နဲ့ စစ်ကော်မရှင်ရဲ့ စစ်သင်္ဘောတွေကို မြင််တွေ့ပါက ကမ်းစပ် ကမ်းခြေကို အမြန်ဆုံးဆိုက်ကပ်ကြဖို့ အာရက္ခတပ်တော်က သတိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြို့နယ်တွေမှာ စစ်အင်အားတိုးမြှင့်တာတွေကို ပင်လယ်ရေကြောင်းလမ်းမှတဆင့် ခပ်စိပ်စိပ်ပြုလုပ်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ သံတွဲနဲ့ ဂွမြို့အနီးရှိ ပင်လယ်ပြင်မှာလည်း စစ်င်္ဘောတွေ သွားလာလှုပ်ရှားမှု ပိုများလာတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့တွေထဲမှ တချို့မြို့တွေကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ဖို့ ပြင်ဆင်နေတာကို အခုရက်ပိုင်းအတွင်း ပိုမိုမြင်တွေ့နေရတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် သံတွဲနဲ့ ဂွမြို့အနီးရှိ ပင်လယ်ပြင်မှာ ညဖက်ငါးဖမ်းမှု ပိတ်ပင်တာကို ထုတ်ပြန်လိုက်တဲ့ နေ့မှစပြီး ပြန်လည်ရုတ်သိမ်းကြောင်း မထုတ်ပြန်မချင်း ရေလုပ်သားတွေအနေနဲ့ ညအချိန် ငါးဖမ်းခြင်း လုံးဝ မပြုလုပ်ကြဖို့ ထပ်မံအသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.