မြဝတီ အောက်တိုဘာ ၂၀
ကရင်ပြည်နယ် မြ၀တီမြို့နယ်က လေးကေကော်မြို့သစ်အပါအဝင် လက်ခတ်တောင်ဘုရားကုန်းနဲ့ ပတ်ဝန်းကျင်ဒေသတဝိုက်ကို စစ်ဆင်ရေး ၁ လကျော် ပြုလုပ်ခဲ့ပြီးတဲ့နောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ KK Park ကိုလည်း ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကစပြီး မြ၀တီမြို့နယ် သင်္ဃန်းညီနောင်တပ်နယ်ကို စစ်ကော်မရှင်တပ်က ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့နောက် မြ၀တီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ လက်ခတ်တောင်ဘုရားကုန်းနဲ့ လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်တပ်က ဆက်လက်ထိုးစစ်ဆင်ခဲ့တာပါ။
လက်ခတ်တောင်ဘုရားကုန်းနဲ့ ပတ်ဝန်းကျင်ဒေသတဝိုက်ကို စက်တင်ဘာ ၉ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လေးကေကော်မြို့သစ်ကိုတော့ စစ်ကြောင်းတွေခွဲပြီး အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အောက်တိုဘာ ၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။
လေးကေကော်မြို့သစ်နဲ့ လက်ခတ်တောင်ဘုရားကုန်းကို ပြန်လည်သိမ်းပိုက်ရရှိဖို့အတွက် ထိုးစစ်ဆင်ခဲ့ရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ တိုက်ပွဲပေါင်း ၆၀ နီးပါး ဖြစ်ပွားခဲ့ပြီး လက်နက် ၁၆ လက်နဲ့ အလောင်း ၁၀ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမယ့် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်မှာ ရာနဲ့ချီ ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေအများအပြားပါဝင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ KK Park ကိုလည်း ဝင်ရောက်ရှင်းလင်းခဲ့ရာ ထူးခြားလက္ခဏာ မတွေ့ရပေမယ့် Starlink စက် အစုံ ၃၀ နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့သလို အဆောက်အဦပေါင်း ၂၇၀ ကျော်ထဲမှာ အလုပ်သမားဦးရေ ၂၁၀၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
KK Park ဝင်းအတွင်းရှိ အဆောက်အဦနဲ့ မြေပိုင်ဆိုင်မှုတွေဟာ တရားဝင်အထောက်အထား မရှိတဲ့အတွက် KK Park ရဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဆင့်ခေါ်ရာမှာ လာရောက်ခဲ့တာမရှိတာကြောင့် အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လေးကေကော်မြို့က ရှုခင်းသာစခန်းကိုလည်း အောက်တိုဘာ ၁၇ ရက်နေ့နဲ့ စွယ်တော်စခန်းကုန်းကို အောက်တိုဘာ ၁၉ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

