မြဝတီ-ဝေါလေလမ်းပိုင်း ပြန်လည်စိုးမိုးရေး စစ်ကော်မရှင်တပ် ကြိုးပမ်း

မြဝတီ၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ရှေ့ ဆက်တဖြည်းဖြည်း တိုးလာနေပြီး လက်ရှိမှာ အင်ကြင်းမြိုင်ရွာထဲ ဝင်ရောက်တပ်စွဲနေရာယူထားလိုက်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မြဝတီမြို့ တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းကစပြီး စစ်ကော်ရှင်တပ်က ကရင်နယ်ခြားစောင့်တပ် BGF ကူညီပေးမှုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ KNLA တော်လှန်ရေးအင်အားစုအဖွဲ့တို့နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲလေးကေကော်မြို့က နေရာတချို့ကို စစ်ကော်မရှင်က ပြန်လည်ထိန်းချုပ်နိုင်သေးတာပါ။

လေးကေကော်ကို ထိုးစစ်ဆင်နေစဉ်အတွင်းမှာပဲ စစ်ကော်မရှင်တပ်က မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် BGF ရဲ့ အကူအညီနဲ့ မေတ္တာလင်းမြိုင် မဲထော်သလေးကနေ စစ်ကြောင်းထိုးလာခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက အင်ကြင်းမြိုင်ရွာထိပ်နားကို ရောက်ရှိလာပြီး တပ်စွဲနေရာယူထားပါတယ်။

စစ်ကော်မရှင်တပ်က အင်ကြင်းမြိုင်ရွာထိပ်ကို တပ်စွဲထားလိုက်ပြီးတဲ့နောက် ကားလမ်းပိုင်းကိုလည်း ပိတ်ထားလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကော်မရှင်တပ်စစ်ကြောင်း တဖြည်းဖြည်းရှေ့ဆက်တိုးလာနေပြီး တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေသလို အင်ကြင်းမြိုင်ရွာမှာရှိတဲ့ BGF ထိန်းချုပ်ထားတဲ့ ကျားဖြန့်ဆိုက်ထဲကို စစ်ကော်မရှင်က ဝင်ရောက်စစ်ဆေးနေတာတွေရှိကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြဝတီမြို့မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဗိုလ်မုတ်သုန်ပိုင်ဆိုင်တဲ့ ဂိတ်တချို့ကို စစ်ကော်မရှင်အဖွဲ့က သွားရောက်စစ်ဆေးနေပြီး ဗိုလ်မုတ်သုန်ရဲ့ ၂ ဂိတ်မှာ စစ်ကော် မရှင်တပ်က တပ်စွဲနေရာယူထားလိုက်တယ်လို့ မြဝတီမြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ လေးကေကော်မြို့သစ်နဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းမှာ BGF နဲ့အတူ စစ်ကြောင်းထိုးတိုက်ခိုက်နေသလို ကော့ကရိတ်မြောက်ဘက်ပိုင်းက ကျေးရွာတွေမှာလည်း ခွဲထွက် DKBA နဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးတဲ့အတွက် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.