မော်လမြိုင် ၊ အောက်တိုဘာ ၁၆
ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက် စံချိန်တင် မြင့်တက်လာပြီးနောက် ပြည်တွင်း မီးလင်းအခေါက် ရွှေဈေးကလည်း တစ်ကျပ်သားကို ၈၆ သိန်းဝန်းကျင်အထိ ထိုးတက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီရွှေဈေးနှုန်းဟာ မြန်မာရွှေလောက သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးနှုန်းဖြစ်ပြီး အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဉ်ရင် ရှစ်ဆကျော်အထိ ဈေးနှုန်းကြီးမြင့်လာတာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာပထမပတ်အတွင်း ရွှေတစ်အောင်စကို အမေရိကန်ဒေါ် လာ ၃၈၆၀ ဝန်းကျင်ရှိရာမှ အောက်တိုဘာ ၁၅ ရက်နေ့မှာတော့ ဒေါ်လာ ၄၂၀၀ ဝန်းကျင်အထိ စံချိန်တင် ထိုးတက်လာတာပါ။
ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင်ထိုးတက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၈၆ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ရွှေဈေးနှုန်းတွေ စံချိန်တင်မြင့်တက်လာရတာဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံ တော်တော်များများမှာ ရွှေဝယ်လိုအားတွေ မြင့်တက်လာတာကြောင့်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကမ္ဘာ့အခြေအနေ ကမ္ဘာအရပ်ရပ်က ကမ္ဘာ့ဗဟိုဘဏ်ပေါ့နော်။ ဘဏ်ရဲ့ မူဝါဒကြောင့်လို့ ယူဆရတာပေါ့။ တစ်ခုက နိုင်ငံတော်တော်များများမှာ ရွှေကို ဝယ်လိုအားက ဒီနှစ်က တော်တော်ကို မြင့်တယ်။ တချို့နိုင်ငံ ထိုင်းနိုင်ငံဆိုလို့ရှိရင် ရွှေဝယ်လိုအား မြင့်တက် ပြီးတော့ ဘဏ်တွေမှာ ငွေသား နည်းသွားရတဲ့ အနေအထားထိ ရောက်နေတဲ့ အခြေအနေရှိတယ်”လို့ ဆိုပါတယ်။
လက်ရှိ ရွှေဈေးနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်း ကမောက်ကမကြား ခန့်မှန်းရ ခက်နေပြီး ကမ္ဘာ့ရွှေဈေး နှုန်း အတက်အကျအပေါ် မူတည်ကာ ပြည်တွင်းရွှေဈေးနှုန်းတွေလည်း အချိန်နဲ့အမျှ ပြောင်းလဲလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်နေတဲ့အတွက် အရောင်း အဝယ်တွေ အေးနေပြီး စစ်ကော်မရှင် လက်အောက်ခံ ဌာနဆိုင်ရာတွေက ရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုအပေါ် စောင့်ကြည့်တာတွေ ရှိတယ်လို့ သိရပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီကတော့ စံချိန်မီ ရွှေတစ်ကျပ်သားကို ဈေးနှုန်း ကျပ် ၅,၉၉၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ကျပ်၂၅ သိန်းကျော် အထိ ဈေးနှုန်းကွာဟနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

