ထားဝယ်၊ အောက်တိုဘာ ၁၅
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတယ်လို့ KNU ဗဟိုထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ထီးခီးကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံးလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း ထီးခီးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲပြီးနောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်သွားတဲ့အတွက် နေအိမ် ၅ လုံးထက်မနည်း ထိမှန်ပျက်စီးထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၈ ရက်နေ့ကလည်း ထီးခီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၄၀ ထက်မနည်း ကြဲချသွားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

