မော်လမြိုင် ၊ အောက်တိုဘာ ၁၅

မွန်ပြည်နယ်မှာ နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေပေမယ့် တောင်သူတွေ လက်ဝယ် ဆားမရှိတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေလှန်ဆားကြမ်းဟာ ဆားစတင် ထွက်ရှိချိန် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တစ်ပိဿာကို ကျပ် ၁၄၀ ဝန်းကျင်သာရရှိခဲ့ရာမှ လက်ရှိ အောက်တိုဘာလအတွင်း တစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့တာပါ။

နေလှန်ဆားတွေ စံချိန်တင် မြင့်တက်လာပေမယ့် တောင်သူတွေ လက်ထဲမှာ ဆားကြမ်းတွေ မရှိတော့တာ၊ ပြီးခဲ့တဲ့ ဆားရာသီက အထွေထွေကုန်ကျစရိတ် ကြီးမြင့်တာအပြင် ရာသီဥတုကြောင့် အပြည့်အဝ မထုတ်လုပ်နိုင်တာတွေကြောင့် အကျိုးအမြတ်မရှိတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။

ဆားတောင်သူတစ်ဦးက ဆားဈေးနှုန်း စံချိန်တင် မြင့်တက်လာတာဟာ ဆားလက်ကျန်နည်းပြီး တချို့တိုင်းတွေမှာ ဆားလုပ်ငန်း မလုပ်ကြတော့တဲ့အတွက် ဖြစ်သလို ဆားလုပ်ငန်း ပြန်လည်ပတ်ပါက ဆားဈေးနှုန်း ပြန်လည်ကျဆင်းလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆားတွေ ကွင်းထဲမှာမရှိတော့ ဆားဖိုတွေမှာ ဆားလက်ကျန် နည်းနည်းပဲရှိတော့ ဆားဈေးက တက်သွားတာ။ နောက် ရန်ကုန်တိုင်းမှာလည်းပဲ ဆားလုပ်ငန်း မလုပ်တော့ဘူးဆိုတော့ လူတွေက မရှိတော့ ဒါကြောင့် ဆားဈေးက ခုန်တက်သွားတာ။ မိုးကနည်းနည်း မကုန်သေးဘူး။ မိုးရှိနေသေးတယ်။ သီတင်းကျွတ်လဆုတ်လောက်မှ မိုးကုန်မယ် ထင်တယ်။ မိုးကုန်မှပဲ အလုပ်ဆင်းရမယ်ပေါ့။ ဆားထွက်လာရင် သူပြန်ကျသွားမယ်”လို့ ဆိုပါတယ်။

နေလှန်းဆားလုပ်ငန်းတွေဟာ အရင်က လုပ်ငန်းလည်ပတ်ဖို့အတွက် အောက်တိုဘာလအလယ်လောက်ကစပြီး ပြင်ဆင် ကြပေမယ့် ဒီနှစ်မှာတော့ ရာသီဥတု အခြေအနေအရ မိုးတွေ ဆက်လက်ရွာသွန်းနေတာကြောင့် လက်ရှိအချိန်ထိ နေလှန်းဆားလုပ်ငန်းတွေ ပြန်မစနိုင်သေးပါဘူး။

လက်ရှိ ဆားဈေးနှုန်း စံချိန်တင် ရရှိနေပေမယ့် လုပ်ငန်း ပြန်လည်ပတ်ဖို့အတွက် အရင်လို လုပ်သား ခေါ်ယူလို့ မရတာ၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်နေတာတွေကြောင့်လည်း ဒီနှစ်ဆားရာသီမှာ ဆားထွက် နောက်ကျဖို့ ရှိနေတယ်လို့ ဆားတောင်သူတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှ နေလှန်းဆားတွေကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့က အဓိက ထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ကျော် ထွက်ရှိကာ ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့ကို တင်ပို့ ရောင်းချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.