မော်လမြိုင် ၊ အောက်တိုဘာ ၁၅
စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးအတွက် အချိန်ကာလ မကြေညာရသေးပေမယ့် ပါတီကြီးတချို့ကတော့ စည်းရုံးရေးဆင်းနေကြပါတယ်။
အထူးသဖြင့် စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး စစ်အရာရှိတွေ ရာနဲ့ချီ ယူနီဖောင်းချွတ်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီဟာ တွေ့ဆုံပွဲနဲ့ အလှူအခမ်းအနားအကြောင်းပြပြီး မြေပြင်မှာရော ဆိုရှယ်မီဒီယာမှာပါ ပါတီစည်းရုံးရေး လုပ်ဆောင်နေတာပါ။
ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကလည်း ပါတီနဲ့ ပတ်သက်တဲ့ မူဝါဒတွေ လုပ်ငန်းဆောင်တာတွေ အကောင်အထည်ဖော်မယ့် လမ်းစဉ်တွေအပါအဝင် တိုင်းပြည်တည်ဆောက်ရေးနဲ့ပတ်သက်ပြီး အဆင်သင့်ဖြစ်နေတဲ့အကြောင်း တောက်လျှောက် ပြောဆိုနေတာ ဖြစ်ပါတယ်။
မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးကတော့ ပါတီစည်းရုံးရေးနဲ့ ပတ်သက်ပြီး ဒါဟာ ဥပဒေကို လက်တစ်လုံးခြား လုပ်တာဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ဖို့ မဲပေးမယ့်ရက် အနီးကပ်ရောက်မှသာ လူထုခေါင်းထဲ ပိုဝင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒါကတော့လေ ဥပဒေကို လက်တစ်လုံးခြား လုပ်သွားတယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမယ့် ပါတီတစ်ခု ရွေးကောက်ပွဲအောင်နိုင်ဖို့ဆိုတဲ့နေရာမှာ ကျွန်တော်တို့အမြင်ကျ နောက်ဆုံးမှ ကြော်ငြာတဲ့သူက လူထုခေါင်းထဲ ပိုဝင်တာပေါ့။ ကျွန်တော်တို့ မွန်ညီညွတ်ရေးပါတီပဲပြောပြော မွန်တိုးတက်ရေးပါတီပဲ ပြောပြော ကျွန်တော်တို့က ငြိမ်ငြိမ်ပဲနေတယ်လေ။ ကျွန်တော်တို့က တိုင်းရင်းသားပါတီတွေဆိုတော့။ အဲဒီတော့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တဲ့ ရွေးကောက်ပွဲသုံးခုအရ ဒီအတိုင်း အွန်လိုင်းပဲပြောပြော Facebook ပဲ ပြောပြော ဒါတွေဟာ ၇ ရက်ပဲကြာတယ်။ လူထုခေါင်းထဲ ရောက်မသွားဘူး။မဲထည့်တဲ့နေ့မှာ (ကျင်းပမယ့်ရက်အပိုင်းအလို) အဓိက စည်းရုံးနိုင်မှသာလျှင် အောင်မြင်မှုရနိုင်တယ်လေ။ဒါ ကျွန်တော်တို့ အတွေ့အကြုံအရပေါ့။အဲဒါကြောင့် အခု သူတို့လုပ်ရင်လည်း ကျွန်တော်တို့အတွက်ကတော့ လုပ်ပေါ့။ရီစရာကြီးတော့ ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။
ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲကော်ရှင်ရဲ့ ခွင့်ပြု ချက်အရ နိုင်ငံပိုင် ရုပ်မြင်သံကြားမှာ ပါတီရဲ့ မူဝါဒ သဘောထားတွေကို ဟောပြောသွားမှာဖြစ်သလို ဆိုရှယ်မီဒီယာကနေလည်း စည်းရုံးသွားဖို့ ရှိမယ်လို့ သူက အသိပေးပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအတွင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲရုံးတွေနဲ့ ရပ်ကျေးရုံးတွေမှာ မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲဆန္ဒရှင် အမည်စာရင်းတွေကို ရက်တိုးပြီး ကပ်ထားတာပါ။
အာဏာသိမ်းမှုအတွင်း ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲအပေါ် ပြည်သူလူထုတွေ စိတ်ဝင်စားမှု မရှိတာကြောင့် မဲစာရင်းတွေကို သွားရောက် ကြည့်ရှုစစ်ဆေးသူ အလွန်နည်းတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီအပေါ် ကြံ့ခိုင်ရေးပါတီက မဲပေးခွင့်ရှိသူတိုင်း အခွင့်အရေးမဆုံးရှုံးစေရေး သူတို့ပါတီကနေ ထာဝရ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီး မဲစာရင်းသွားရောက် ကြည့်ရှုစစ်ဆေးမှုနဲ့ ပူးပေါင်းပါဝင်ပေးဖို့ TikTok နဲ့ Facebook တွေမှာ တိုက်တွန်းနေတာပါ။
ဒါ့အပြင် ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း မဲဆန္ဒရှင် ပြည်သူတွေ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် မဲစာရင်းအချိန်မီ စစ်ဆေးပေးဖို့ လူသုံးများတဲ့ Facebook နဲ့ TikTok ဆိုရှယ်မီဒီယာတွေကနေ နှိုးဆော်နေတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ သတင်းစာရှင်းလင်းပွဲကနေတဆင့် မူဝါဒတွေ လုပ်ငန်းဆောင်တာတွေနဲ့ မေးမြန်းချက်တွေအပါအဝင် ရုံးခန်းဖွင့်လှစ်တာ၊ ပါတီဝင်အဆိုပြုလွှာပေးအပ်တဲ့ အခမ်းအနားတွေမှာလည်း “လူထုဘဝ အဓိက၊ ငြိမ်းချမ်းလုံခြုံစွာ ကြီးပွားကြ”ဆိုပြီး ပြည်သူ့ရှေ့ဆောင်ပါတီက ဆိုရှယ်မီဒီယာတွေမှာ စည်းရုံးရေး လုပ်ဆောင်နေတာပါ။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက စည်းရုံးခွင့်မရှိတဲ့အချိန်မှာ အခုလိုလုပ်တဲ့အပေါ် တာဝန်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကသာ မူတည်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီမှာ စည်းရုံးလှုံ့ဆော်ခွင့်မရှိသေးတဲ့အချိန်မှာ သူတို့လုပ်တာ သူတို့အပိုင်းပေါ့။နောက်တစ်ခါ တာ ဝန်ရှိတဲ့ UEC ကလည်း အရေးယူဆောင်ရွက်မယ် မဆောင်ရွက်ဘူးဆိုတာကတော့ ကျွန်တော်တို့လည်း ပြောပိုင်ခွင့်မရှိဘူးလေ။တချိန်ကျရင်တော့ အကြောင်းအမျိုးမျိုးကြောင့် ကိစ္စဝစ္စတွေ ပေါ်လာလို့ရှိရင် ဒါကို ထောက်ပြမှာပေါ့။ ကျွန်တော်တို့ကတော့ စည်းရုံးခွင့်မရှိသေးတဲ့ ကိစ္စကို မလုပ်သေးဘူးလေ။ စည်းရုံးခွင့်ရှိတဲ့အချိန်ကျရင် လုပ်မှာပေါ့”လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောခွင့်ပြုမယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာထားတာပါ။
ဒီအတွက် မဲဆွယ်စည်းရုံးဖို့ ပါတီရဲ့ မူဝါဒ သဘောထား လုပ်ငန်းစဉ် စတဲ့ ဟောပြောတင်ပြချက်တွေကို အောက်တိုဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ခွင့်ပြုပေးဖို့ စီစဉ်ထားပါတယ်။ဒါပေမယ့် မြေပြင်မှာ မဲဆွယ်စည်းရုံးတာ လှည့်လည်တာ ဟောပြောတာတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ဒါ့အပြင် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းပေါင်း ၅၀၀၀ ကျော်တို့ရဲ့ အမည်စာရင်းတွေကို စိစစ်ပြီးသွားပေမယ့် အခုချိန်ထိတော့ မကြေညာရသေးပါဘူး။
တစ်ဘက်မှာ ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာ မွန်ပြည်နယ်က လုံခြုံ ရေးအားကောင်းတဲ့ မြို့နယ်တွေမှာ ပါတီဝင်တွေနဲ့ နီးစပ်သူတချို့ကို နေအိမ်တွေအတွင်း ပါတီစည်း ရုံးရေးဆင်းခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောထားတာပါ။
အဲဒီပါတီတွေဟာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် နိုင်ငံရေးပါတီတွေဖြစ်ကြပြီး မွန်ပြည်နယ်အ ခြေစိုက် ပြည်နယ်အတွင်းမှာသာ စည်းရုံးမယ့် မွန်ညီညွတ်ရေးပါတီကတော့ မြေပြင်မှာရော ဆိုရှယ်မီဒီယာမှာပါ ငြိမ်သက်နေပါတယ်။
မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကျမှာသာ UEC ခွင့်ပြုချက်နဲ့ ဆိုရှယ်မီဒီယာတွေမှာ စည်းရုံးလှုံ့ဆော်ဖို့ ဘတ်ဂျက်ရေးဆွဲနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဆိုရှယ်မီဒီယာပလက်ဖောင်းနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း ဘတ်ဂျက်တွေ ရေးဆွဲနေတုန်းပေါ့။အဲဒါကတော့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းထွက်လာမယ်။ ပါတီစည်းရုံးရေးက UEC ရော ခွင့်ပြုမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ အဲဒါကို ဆက်တိုက်လုပ်သွားမှာပေါ့”လို့ ဆိုပါတယ်။
လောဆယ်မှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ ထုတ်ပြန်ကြေညာတာကို စောင့် ဆိုင်းနေပြီး ဆိုရှယ်မီဒီယာကနေ မဲဆွယ်စည်းရုံးရေးအတွက် လိုအပ်တဲ့ နည်းပညာပိုင်းတွေအပါအ ဝင် စီမံကိန်းတွေ ရေးဆွဲနေတယ်လို့ သူက ဆက်ပြောပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နေ့ရက် မတိုင်ခင် ရက်ပေါင်း ၆၀ အလိုမှာ နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးရေးကာလအဖြစ် သတ် မှတ်ကြေညာလေ့ရှိပါတယ်။
ဒါကြောင့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်တဲ့အတွက် မဲဆွယ်စည်းရုံးရေးကာလကို အောက်တိုဘာ နှောင်းပိုင်းမှာ သတ်မှတ်နိုင်တယ်လို့ နားလည်ရပါတယ်။
ဒါပေမယ့် လုံခြုံရေးအခြေအနေတွေကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအတွက် လူစုလူဝေးနဲ့ လှည့်လည်ပြီး မဲဆွယ်စည်းရုံးဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေလို့ နိုင်ငံ ရေးပါတီတချို့က လက်ခံထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

