ကော့ကရိတ်၊ အောက်တိုဘာ ၁၅
ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်နဲ့ ခွဲထွက် DKBA အဖွဲ့တို့ စစ်ကြောင်းဆက်လက်ထိုးနေပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နဘူး-ကော့ကရိတ်လမ်းပိုင်းနဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းတွေကို စစ်ကော်မရှင်တပ်က စိုးမိုးထိန်းချုပ်နိုင်ပြီးတဲ့နောက် ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာကနေတစ်ဆင့် အောက်ဘိုတဲ၊ ဒေါနတောင်ပေါ်လမ်းဟောင်းအထိ ဦးတည်ပြီး အောက်တိုဘာလ ဒုတိယအပတ်ကစလို့ စစ်ကြောင်းထိုးလာခဲ့တာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်၊ ခွဲထွက် DKBA ပူးပေါင်းစစ်ကြောင်းနဲ့ KNLA တော်လှန် ရေးအင်အားစုတို့အကြား မြပတိုင်ရွာနဲ့ ထီဖိုးစံရွာကြားက နောင်မိရွာမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင် DKBA ပူးပေါင်းတပ်တို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ ကော့ကရိတ်မြောက်ပိုင်းမှာ စစ်ကြောင်း ၃ ကြောင်းထက်မနည်း ထိုးစစ်ဆင်လာ နေတာဖြစ်ပြီး ကော့ကရိတ်မြို့မြောက်ဘက် ဒေါနတောင်ပေါ်လမ်းဟောင်းဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကလည်း နောင်းနိုင်းကျေးရွာက ဒေသခံတွေကို ဖမ်းဆီးလုပ် ဆောင်မှုတွေရှိတယ်လို့ ကြားသိရပါတယ်။
အာရှလမ်းပိုင်းကို သိမ်းပိုက်နိုင်ပြီးတဲ့နောက် ဒေါနတောင်ပေါ်လမ်းဟောင်းကိုလည်း အလုံးစုံသိမ်း ယူနိုင်ရေးအတွက် စစ်ကော်မရှင်တပ်က ခွဲထွက် DKBA အဖွဲ့နဲ့အတူ စစ်ကြောင်းထိုးလှုပ်ရှားလာနေတာဖြစ်ပြီး လက်နက်ကြီး ဒရုန်းတွေနဲ့လည်း ပစ်ခတ်မှုတွေရှိနေတယ်လို့ နယ်မြေခံသတင်းရင်း မြစ်တွေက ဆိုပါတယ်။
ရွေးကောက်ပွဲကာလမတိုင်ခင် သိမ်းပိုက်ခံရတဲ့နယ်မြေတွေကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ကော်မရှင်တပ်ဟာ ကရင်ပြည်နယ်အတွင်းမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အရင်ကထက် ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ဆက်လက်မြင့်တက်နေပါတယ်။
ကော့ကရိတ်မြောက်ပိုင်းအပြင် မြဝတီမြို့အနီးက လေးကေကော်မြို့၊ ဖာပွန်ခရိုင်ထဲက ကတိုင်တိ-ကမမောင်းလမ်းပိုင်းတွေမှာလည်း စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DKBA

