အိုရက်ဇိုင်၊ အောက်တိုဘာ ၁၀

နယူးဒေလီဘက်က ထောက်ပံ့ထားတယ်ဆိုတဲ့ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မိမိတို့ စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီးနောက် ပါကစ္စတန်က အိန္ဒိယနဲ့စစ်ပွဲ ထပ်မံ ဖြစ်ပွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်း အိုရက်ဇိုင်ဒေသမှာ အောက်တိုဘာ ၈ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အရာရှိ ၂ ဦးအပါအဝင် ပါကစ္စတန် စစ်သား ၁၁ ဦး သေဆုံးခဲ့ပြီးနောက် အိန္ဒိယနဲ့ စစ်ဖြစ်နိုင်တဲ့ အန္တရာယ် အမှန်တကယ် ရှိလာပြီလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ အာဆစ်က ပြောပါတယ်။

ထောက်လှမ်းရေး လုပ်နေတဲ့အချိန်မှာ ပါကစ္စတန် စစ်တပ်ယာဉ်တန်းကို ပါကစ္စတန် တာလီဘန်အဖွဲ့နဲ့ ဆက်စပ်တဲ့ တိုက်ခိုက်ရေးသမားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Tehreek-e-Taliban (တဲဟစ် အီ တာလီဘန်) လို့ ခေါ်တဲ့ အဲဒီ အကြမ်းဖက် အဖွဲ့ရဲ့ အဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြောပါတယ်။

ဘာလူချီစတန်ပြည်နယ်က ခွဲထွက်ရေးသမားတွေအပြင် ပါကစ္စတန် တာလီဘန်တွေကို အိန္ဒိယက ထောက်ပံ့ပေးနေတယ်လို့ ပါကစ္စတန်က စွပ်စွဲနေတာ ကြာပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား မေလက လေးရက်ကြာ တိုက်ခိုက်ခဲ့ကြပြီးနောက်ပိုင်း ကာကွယ်ရေးဝန်ကြီး အာဆစ်ရဲ့ ပြောဆိုမှုတွေကြောင့် တင်းမာမှုတွေ ထပ်မံ မြင့်တက်လာနိုင်ပါတယ်။

မိမိအနေနဲ့ တင်းမာမှုတွေ မြင့်တက်မလာစေချင်ပေမယ့် စစ်ပွဲ ဖြစ်နိုင်တဲ့ အန္တရာယ်က အမှန်တကယ် ရှိနေတာကြောင့် စစ်ပွဲ ဖြစ်လာရင် မိမိတို့ အနေနဲ့ အရင်ကထက် ရလဒ်ပိုကောင်းအောင် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီး အာဆစ်က ဆိုတာပါ။

လွန်ခဲ့တဲ့ ၆ လကထက် စာရင် ပါကစ္စတန်မှာ ထောက်ခံသူတွေ မဟာမိတ်တွေ ပိုရှိလာပြီလို့ သူက ပြောပါတယ်။

အိန္ဒိယအနေနဲ့ကတော့ မေလက တိုက်ခိုက်မှု ဖြစ်ပြီးနောက် နိုင်ငံတကာ ထောက်ခံမှု ဆုံးရှုံးသွားတယ်လို့လည်း ဝန်ကြီး အာဆစ်က ပြောပါတယ်။

မကြာသေးခင်က အိန္ဒိယ နိုင်ငံရေးသမားတွေနဲ့ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှုတွေဟာ သူတို့အတွက် နိုင်ငံရေးအရ ထောက်ခံမှုရအောင် ပြောဆိုတာ ဖြစ်တယ်လို့လည်း ပါကစ္စတန်က စွပ်စွဲထားပါတယ်။

Ref:The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.