မကွေး အောက်တိုဘာ ၈
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က လေကြောင်းကနေ ပစ်ခတ်တာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေကသံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ အောက်တိုဘာ ၇ ရက် မနက်ကနေ ညနေပိုင်းအထိ ပွင့်ဖြူမြို့နယ်က ပုသိမ်-မုံရွာလမ်းပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
“စစ်တပ်က နှစ်ကြိမ် ဗုံး ၈ လုံးချပြီး တိုက်ခိုက်သွားတယ်။ ရော့ကတ်တွေနဲ့ပစ်တာမျိုး ဖြစ်နိုင်ပါတယ်။ အထိအခိုက်များနေလို့ လေကြောင်းပစ်ကူယူတာမျိုးပါ။”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် အထိအခိုက်ကိုမသိရသေးပဲ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က နေ့လယ် ၁၁ နာရီဝန်းကျင်မှာ ဗုံး ၅ လုံးနဲ့ တစ်ကြိမ် ၊ မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဗုံး ၃ လုံးနဲ့ တစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အောက်တိုဘာ ၃ ရက်ကတည်းက စစ်ကော်မရှင်နဲ့ ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆင်လူးပျူစောထီးကျေးရွာကလာတဲ့ အင်အား ၂၀၀ ပါ စစ်ကြောင်းလည်း မဲဇလီကျေးရွာကိုရောက်ရှိနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် မဲဇလီကျေးရွာအပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သြဂုတ်လအတွင်း ပွင့်ဖြူမြို့နယ်ကို စစ်ကြောင်းထိုးပြီး ဖလံကျင်းကျေးရွာကိုမီးရှို့ခဲ့စဉ် ပုံဟောင်း

