ရခိုင်မှာ တစ်လအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၂၀ ကျော် သေဆုံး

ကျောက်တော်၊ အောက်တိုဘာ ၄

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ်ရှိ ကျောက်တော်၊ သံတွဲနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်ပြီး အမျိုးသား ၂၉ ဦးနဲ့ အမျိုးသမီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ဆိုထားပါတယ်။

AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက သံတွဲမြို့ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အ ရပ်သားပြည်သူတစ်ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ချင်းပြည်နယ် ပလက်ဝမြို့ကို စစ်ကော်မရှင်တပ် ဂျက်ဖိုက်တာ လေယာဉ်နဲ့ သုံးကြိမ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲတွေမှာ စစ်ရှုံးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ် မှတ်မဟုတ်ဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာ၊ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ လုပ်ဆောင်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ AA က သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.